Eleven Media Group

ဒီအာကွန်ဂိုတွင် အီဘိုလာကာကွယ်ဆေးစမ်းသပ်မှုအစီအစဉ် စတင်

ဒီအာကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါကာကွယ်ဆေးစမ်းသပ်မှုအစီအစဉ်ကို စက်တင်ဘာ ၁၉ ရက်တွင် စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အီဘိုလာရောဂါ ဆိုးရွားစွာ ကူးစက်ပျံ့နှံ့နေသည့် နေရာဒေသများရှိ ကျန်းမာရေးဝန်ထမ်းများသည် ကာကွယ်ဆေး၏ ထိရောက်မှုကို လေ့လာစောင့်ကြည့်သွားမည်ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးစမ်းသပ်သည့် အစီအစဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ထောက်ပံ့ပေးထားပြီး အီတူရီပြည်နယ်နှင့် မြောက်ကီဗူးပြည်နယ်များရှိ ကျန်းမာရေးဝန်ထမ်း ၂၀၀၀၀ ကို Ervebo ကာကွယ်ဆေးများ ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ဒီအာကွန်ဂိုတွင် လက်ရှိဖြစ်ပွားနေသည့် အီဘိုလာကူးစက်မှုတွင် အတည်ပြုလူနာ ၇၅၄၁ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၃၆၃၉ ဦးသည် သေဆုံးခဲ့ကာ ယင်းသည် သေဆုံးမှုနှုန်း ၄၈ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

လက်ရှိဖြစ်ပွားနေသည့် အီဘိုလာကူးစက်မှုသည် Bundibugyo ဗိုင်းရပ်စ်မျိုးကွဲကြောင့်ဖြစ်ပြီး ယင်းဗိုင်းရပ်စ်မျိုးကွဲအတွက် အတည်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် ကုသဆေး မရှိသေးပေ။

Ref: AFP

မူရင်းသတင်း — Eleven Media Group