Eleven Media Group

အမေရိကန်က အီရန်သမ္မတအပါအဝင် ထိပ်တန်းခေါင်းဆောင်များကို ကုလသမဂ္ဂအစည်းအဝေး တက်ရောက်ရန် ဗီဇာခွင့်ပြု

​ဒေါ်နယ်ထရန့်အစိုးရက လာမည့်သတင်းပတ်တွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးကို တက်ရောက်ရန် အီရန်အစိုးရ၏ ထိပ်တန်းအရာရှိများကို ဗီဇာခွင့်ပြုလိုက်သည်။

​ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်၏ အဓိကကိုယ်စားလှယ်အဖွဲ့နှင့် အစည်းအဝေးနှင့်သက်ဆိုင်သည့် လိုအပ်သည့် ဝန်ထမ်းများကို ဗီဇာခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန်အရာရှိများ၏ ပြောကြားချက်အရ အီရန်အဓိကကိုယ်စားလှယ်အဖွဲ့တွင် အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်နှင့် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရာချီတို့ ပါဝင်သည်။

​အမေရိကန်နှင့် အီရန်တို့ကြား ပဋိပက္ခဖြစ်ပွားမှု ခြောက်နှစ်ကျော် ကြာမြင့်လာချိန် ယခုဗီဇာခွင့်ပြုမှုသည် ထူးခြားသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်သည်။ သို့သော် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနှင့် အီရန်၏ နူကလီးယားစီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲများ ပြန်လည်စတင်ရေးတို့အတွက် သဘောတူညီချက် ရရှိရန် နီးကပ်လာသည့် လက္ခဏာများတော့ မတွေ့ရသေးဟု အေပီသတင်းတွင် ဖော်ပြထားသည်။

​ထို့ပြင် အမေရိကန်အစိုးရက အီရန်ကို ကမ္ဘာပေါ်တွင် အကြမ်းဖက်အဖွဲ့များကို အစိုးရအဆင့်မှ အဓိကထောက်ပံ့နေသည့် နိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ထားဆဲဖြစ်သည်။ ထို့ကြောင့်လည်း အီရန်အပေါ် အရေးယူပိတ်ဆို့မှု အများအပြား ချမှတ်ထားပြီး မကြာသေးမီကလည်း အီရန်၏ အရေးပါသည့် ဘဏ္ဍာရေးအသက်သွေးကြောများကို ဖြတ်တောက်ရန် ရည်ရွယ်ကာ အရေးယူမှုအသစ်များ စတင်ခဲ့သည်။

​ကုလသမဂ္ဂဌာနချုပ် တည်ရှိရာ အိမ်ရှင်နိုင်ငံဖြစ်သည့်အတွက် အမေရိကန်သည် ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပြည်ပခေါင်းဆောင်များ လာရောက်မှုကို တားဆီးနိုင်သည့် အခွင့်အာဏာတွင် ကန့်သတ်ချက်များ ရှိသည်။ သို့သော် အမေရိကန်နှင့် ပဋိပက္ခဖြစ်သည့်နိုင်ငံများ၏ ခေါင်းဆောင်များကို ဗီဇာမပေးခြင်းများ ယခင်က ပြုလုပ်ခဲ့ဖူးသည်။

​ပြီးခဲ့သည့်နှစ်က ကုလသမဂ္ဂအစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်သံတမန်အချို့ကို ဗီဇာခွင့်ပြုခဲ့သော်လည်း ထိုကိုယ်စားလှယ်အဖွဲ့၏ သွားလာမှုများကို တင်းကျပ်ခဲ့သည်။ အထူးသဖြင့် နယူးယောက်မြို့ရှိ အီရန်ကုလသမဂ္ဂမစ်ရှင်ရုံးမှ သွားလာနိုင်သည့် အကွာအဝေးကို ကန့်သတ်ခဲ့ကာ အဖွဲ့ဝင်စနစ်ဖြင့် လက်ကားရောင်းချသည့် ဆိုင်များတွင် ဈေးဝယ်ခြင်းကိုပါ တားမြစ်ခဲ့သည်။

​အီရန်ကိုယ်စားလှယ်အဖွဲ့အတွက် ဗီဇာခွင့်ပြုခဲ့သော်လည်း ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်နှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့ကိုမူ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန်က ဗီဇာခွင့်မပြုခဲ့ပေ။

အမေရိကန်က ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်မပြုဘဲ ကုလသမဂ္ဂအထွေထွေညီလာခံနှင့် အခြားကုလသမဂ္ဂအေဂျင်စီများ၊ အဖွဲ့အစည်းများကမူအသိအမှတ်ပြုထားသည်။

​Ref: AP

Photo: Getty Images/ AP

မူရင်းသတင်း — Eleven Media Group