
ပြင်သစ်၊ ဗြိတိန်၊ အခြားအနောက်အင်အားကြီးများက ပါလက်စတိုင်းနိုင်ငံကို လွန်ခဲ့သောနှစ်တွင် အသိအမှတ် ပြုသည့်အခါ စွန့်ဦးလုပ်ငန်းရှင် အဒမ်ဘာဒါသည် မျှော်လင့်ချက်ဆိုသည့် အသိကိုခံစားမိသည်။
အသက် ၂၇ နှစ်အရွယ် ဘာဒါက"အဲဒါကို ကြားရတော့ ကျွန်တော် ပျော်သွားတယ်"ဟု ပြောသည်။ သူသည် အသိမ်းပိုက်ခံ အနောက်ဘက်ကမ်း၏ တူလ်ကာရမ်မြို့တွင် နေသည်။ ထိုမြို့သည် လွန်ခဲ့သောနှစ်များတွင် အစ္စရေး စီးနင်းတိုက်ခိုက်မှုများကို အကြိမ်ကြိမ်ခံခဲ့ရသည်။
"အခုဆိုရင် တစ်နှစ်ပြည့်ပါပြီ။ ဘာတိုးတက်မှုကိုမှ မမြင်ရပါဘူး။ တကယ်တော့ အဲဒါနဲ့တစ်ခြားစီပါပဲ။ အခြေအနေဟာ တစ်နေ့ပြီးတစ်နေ့ ပိုဆိုးလာပါတယ်။ ဘယ်သူကမှ ဘာမှလုပ်လို့ မရပါဘူး"ဟု သူက ပြောသည်။
နိုင်ငံအဖြစ်အသိအမှတ် ပြုခြင်းခံခဲ့ရပြီးနောက် တစ်နှစ်အကြာတွင် ပါလက်စတိုင်း အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် စစ်မှန်သော၊သေချာသော ဝေါဟာရတို့ဖြင့် အသိအမှတ်ပြုရေးသည် အလှမ်းကွာလွန်းနေသည်။
အခြေချနေထိုင်သူ အစ္စရေး၏အကြမ်းဖက်မှုသည် မြင့်တက်လာသည်။ ပါလက်စတိုင်းတို့သည် ပိုသေးငယ် သောနယ်မြေများထဲ တွန်းထုတ်ခံနေရသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သည်လည်း အားနည်းသွားပါပြီ။ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် အစ္စရေး၏ ဂါဇာစစ်ဆင်ရေးသစ်ကို တစ်ကမ္ဘာလုံး ဒေါသထွက်နေချိန် ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်က လမ်းကြောင်းသစ်ရှာမည်ဟု ပြောခဲ့သောစကားက ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုရန် ကုလသမဂ္ဂအစည်းအဝေးကို ဦးတည်စေခဲ့သည်။
ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျတို့အပါအဝင် ၁၀ နိုင်ငံက ပါလက်စတိုင်း အချုပ်အခြာ အာဏာပိုင်နိုင်ငံကို အသိ အမှတ်ပြုခဲ့သောကြောင့် ယင်းသို့အသိအမှတ်ပြုသည့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအရေအတွက်သည် ၁၅၇ နိုင်ငံရှိလာရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ငါးပုံလေးပုံကျော်က အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။
အမေရိကန်၏ ထောက်ခံမှုကို ရရှိထားသော အစ္စရေးက ပါလက်စတိုင်း အချုပ်အခြာ အာဏာပိုင်နိုင်ငံကို ခေါင်းမာမာ ပယ်ချနေပြီး ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၏ဥက္ကဌ မာမွတ်အဘက်စ်ကို ပြင်ပနှင့်အဆက်အဆံ မရှိအောင် ကြိုးပမ်းမှုများ ပိုလုပ်နေသည်။
"အသိအမှတ်ပြုတာဟာ နှစ်နိုင်ငံ ဖြေရှင်းနည်းကို နိုင်ငံရေးအရရော ဒီမိုကရေစီနည်းအရပါ တကယ်ဖြစ်လာ စေမှာပါ။ ဒါပေမဲ့ မြေပြင်မှာတော့ အစ္စရေးရဲ့တရားမဝင်တဲ့ အပြုအမူတွေအပေါ်မှာ ဆက်လက်မူတည်နေဆဲပါ။ အစ္စရေးဟာ အပြည်ပြည်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အကောင်အထည်မဖော်ပါဘူး"ဟု ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၏ ဒုတိယနိုင်ငံခြားရေးရာဝန်ကြီး အိုမာအဝါဒါလာက AFP ကို ပြောသည်။
ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခြင်းသည် ယင်း၏တည်ရှိမှုကို ပံ့ပိုးပေးရန်နှင့် အစ္စရေးလုပ်ရပ်များကို တန်ပြန်ရန် အစီအမံများမရှိသဖြင့် အသိအမှတ်ပြုခြင်းမှာ မပြောပလောက်ဟု ပါလက်စတိုင်းနိုင်ငံရေးဆိုင်ရာ လေ့လာဆန်းစစ်သူ အိုင်နက်စ်အဗ္ဗဒယ်ရာဇတ်က ပြောသည်။
"နှစ်ပြည်ထောင် ဖြေရှင်းနည်းဆိုတာဟာ လက်တွေ့အခြေနေကို ရှောင်ရှားဖို့ သံတမန်ရေးဆိုင်ရာ လက်သုံး စကား ဖြစ်လာပါပြီ"ဟု သူက ပြောသည်။
အနောက်ဘက်ကမ်း၏ ထုံးကျောက် တောင်ကုန်းများတစ်ခွင်တွင် အစ္စရေးအလံထောင်ပေါင်းများစွာက အစ္စရေးအခြေချများ အသုံးပြုသော ကားလမ်းများတွင် တန်းစီနေသည်။ နံရံများပေါ်တွင်လည်း ပါလက်စတိုင်း များ ထွက်သွားဟု ဖော်ပြထားသည့် လက်ဆော့ရေးထားသောစာများကို မကြာမကြာတွေ့ရသည်။
ပါလက်စတိုင်းတွင် အနာဂတ်မရှိဟု ရေးထားသောစာများဖြစ်သည်။
ဟားမာ့စ်က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံထဲ ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟာက 'ပါလက်စတိုင်းနိုင်ငံသည် အကြမ်းဖက်ဝါဒအတွက် ဆုလာဘ်' ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။
"ဝန်ကြီးချုပ်အဖြစ် ကျွန်တော်ရှိနေသရွေ့ အီရန်ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းနိုင်ငံကို ထူထောင်လို့ ရမှာမဟုတ်ပါဘူး။ ဂါဇာမှာဖြစ်ဖြစ်၊ ဂျူဒီးယားနဲ့ဆာမာရီးယားမှာဖြစ်ဖြစ် ပါရီးယော့မှာဖြစ်ဖြစ် ပါလက်စတိုင်း နိုင်ငံကို ထူထောင်လို့ရမှာမဟုတ်ပါဘူး"ဟု နေတန်ယာဟုက အနောက်ဘက်ကမ်းအတွက် သမ္မာကျမ်းစာထဲက အမည်များကို အသုံးပြုကာ ပြောခဲ့သည်။
အနောက်ဘက်ကမ်းသို့ လာရောက်အခြေချနေထိုင်သူများ၏ တိုက်ခိုက်မှုများ မြင့်တက်လာခြင်းနှင့်ပတ်သက်၍ အစ္စရေး ကို ပြင်သစ်နှင့်ကနေဒါတို့က ပိတ်ဆို့မှုများ ချမှတ်ခြင်းကို ဗြိတိန်က ဦးဆောင်ခဲ့ပြီးနောက် ဒေါသ ထွက်သွားသော အစ္စရေးက ယူကေကောင်စစ်ဝန်ရုံးကို ပိတ်ရန် ညွှန်ကြားခဲ့သည်။
ထိုကောင်စစ်ဝန်ရုံးသည် ဂျေရုဆလင်မှ ပါလက်စတိုင်းသားများကို ဝန်ဆောင်မှုပေးနေသော ရုံးဖြစ်သည်။
ပါလက်စတိုင်းအချုပ်အခြာအာဏာပိုင်နိုင်ငံ အသိအမှတ်ပြုခံရခြင်းသည် အပြုသဘော လက္ခဏာဖြစ်သည် ဆိုသော်လည်း အခက်အခဲများရှိနေသည်ဟု နာဘလက်စ်မြို့ရှိ ဆော့ဝဲအင်ဂျင်နီယာ ဆာမက်က ပြောသည်။
"အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုမှုနဲ့ အဲဒီအသိအမှတ်ပြုတာကို မြေပြင်မှာ လက်တွေ့အခြေအနေ အဖြစ်ပြောင်းလဲမှုကြားမှာ ကြီးကြီးမားမား အလှမ်းကွာနေဆဲပါ"ဟု သူက ပြောသည်။
Ref:AFP