
မလေးရှားနိုင်ငံတွင် အကျဉ်းကျနေသည့် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်အား ကျန်ရှိသည့် ထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် သဘောတူခွင့်ပြုခဲ့သည်။ ယင်းသည် ဒေါ်လာဘီလီယံနှင့်ချီသည့် ဘဏ္ဍာရေးအရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် နာဂျစ်အတွက် ဒုတိယအကြိမ် တော်ဝင်လွတ်ငြိမ်းခွင့် ပြုခြင်းဖြစ်သည်။
နာဂျစ်ရာဇက်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာရှိစဉ်က ကိုယ်တိုင်ပူးတွဲတည်ထောင်ခဲ့သည့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ 1Malaysia Development Berhad (1MDB) နှင့် ဆက်နွယ်သည့် ဒေါ်လာဘီလီယံနှင့်ချီ ငွေကြေးအလွဲသုံးစားမှုများအတွက် ပြစ်မှုထင်ရှားခဲ့သည်။ သို့သော် နာဂျစ်က ထိုစွဲချက်များကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း အမြဲပင်ငြင်းဆိုခဲ့သည်။
မလေးရှားဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဘုရင် ဆူလ်တန်အီဘရာဟင်က နာဂျစ်ရာဇက်အတွက် သတ်မှတ်ချက်များပါဝင်သည့် တော်ဝင်လွတ်ငြိမ်းခွင့်ကို ခွင့်ပြုခဲ့ပြီး ကျန်ရှိသည့်ထောင်ဒဏ်ကို ၂၀၂၈ ခုနှစ်၊ ဩဂုတ် ၂၃ ရက်အထိ နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုခဲ့သည်ဟု ဖော်ပြထားသည်။
1MDB အရှုပ်တော်ပုံဆိုင်ရာ အမေရိကန်စုံစမ်းစစ်ဆေးသူများက ဒေါ်လာ ၁ ဘီလီယံကျော်သည် နာဂျစ်နှင့်ဆက်နွယ်သည့် ဘဏ်အကောင့်များထဲသို့ ရောက်သွားပြီး ယင်းအရှုပ်တော်ပုံမှ နိုင်ငံတကာအဆင့် ငွေကြေးလွှဲပြောင်းမှုများဖြင့် ရန်ပုံငွေဒေါ်လာ ၄ ဒသမ ၅ ဘီလီယံအထိ အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့ကာ နာဂျစ်ကမူ ထိုကဲ့သို့ နိုင်ငံများစွာကို ဖြန့်ကျက်ရှုပ်ထွေးနေသည့် ငွေကြေးအရှုပ်တော်ပုံတွင် မိမိတစ်ဦးတည်းကို အပြစ်ပုံချထားခြင်းဟု ပြောခဲ့သည်။
ယခု တော်ဝင်လွတ်ငြိမ်းခွင့်သည် နာဂျစ်အတွက် ဒုတိယအကြိမ်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ယခင်ဘုရင်လက်ထက်တွင်လည်း နာဂျစ်အား ချမှတ်ထားသည့် ထောင်ဒဏ် ၁၂ နှစ်ကို ထက်ဝက်လျှော့ပေးခဲ့ပြီး ဒဏ်ငွေကိုလည်း လျှော့ချခဲ့သည်။
နာဂျစ်သည် 1MDB ဆိုင်ရာ သီးခြားနောက်တစ်မှုတွင်လည်း ပြစ်မှုထင်ရှားခဲ့သည်။ ထိုအမှုအတွက် အာဏာအလွဲသုံးစားမှုနှင့် ငွေကြေးခဝါချမှုတို့ဖြင့် ထောင်ဒဏ် ၁၅ နှစ်နှင့် ဒဏ်ငွေအမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ချမှတ်ခံရကာ ထိုအမှုကိုလည်း အယူခံဝင်ထားသည်။
အသက် ၇၃ နှစ်အရွယ် နာဂျစ်ရာဇက်သည် အကျဉ်းကျနေသည့်တိုင် မလေးရှားနိုင်ငံရေးတွင် အမြင်ကွဲပြားမှုများဖြစ်စေသည့် အရေးပါသော နိုင်ငံရေးသမားတစ်ဦးအဖြစ် ဆက်လက်တည်ရှိနေသည်။ ထို့ပြင် ယခင်က မလေးရှားနိုင်ငံရေးတွင် အင်အားကြီးခဲ့သည့် UMNO ပါတီတွင်း၌လည်း သြဇာလွှမ်းမိုးမှု ဆက်လက်ရှိနေပြီး UMNO က လက်ရှိဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ဦးဆောင်သည့် ပါတီစုံအစိုးရတွင် ပါဝင်နေသည်။
Ref: Reuters
AP Photo