
မြောက်ကိုရီးယားက စက်တင်ဘာ၂ဝရက်တွင်၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းအလွန်ရှိ ပင်လယ်သို့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့ပြီး ဒုတိယမြောက်ပဲ့ထိန်းဒုံးကျည်သည် ကီလိုမီတာ ၆၀၀ ကျော် (၃၇၀ မိုင်) ကျော်ပျံခဲ့သည်ဟု ဆိုသည်။
ပြုံယမ်းက နျူကလီးယားလက်နက်တပ် ဆင်ထားသောနိုင်ငံအဖြစ် ၎င်း၏အဆင့် အတန်းကိုအခိုင်အမာ ပြောကြားထားပြီး နိုင်ငံ၏ နျူကလီးယားလှုပ်ရှားမှုများကိုရပ်တန့်ရန်တောင်းဆိုထားသော ကုလသမဂ္ဂ ဆုံးဖြတ်ချက်အား ပယ်ချခဲ့ပြီး နောက်ရက်ပိုင်းအတွင်း ယခုဒုံးကျည်ပစ်လွှတ်မှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။
ပထမဒုံးကျည်ကို ညနေ ၃ နာရီ ဝန်းကျင် တွင် ဝမ်ဆမ်နယ်မြေမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်သည် အရှေ့ပင်လယ်သို့ ကီလိုမီတာ ၄၅၀ ဝန်းကျင် အထိပျံသွားခဲ့သည်ဟုတောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အရှေ့ပင်လယ်ကိုဂျပန်ပင်လယ်ဟုလည်းခေါ်သည်။
"ကျွန်တော်တို့ရဲ့စစ်တပ်က ညနေ ၅ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ မြောက်ကိုရီးယားရဲ့ဝမ်ဆမ်နယ်မြေကနေ အရှေ့ပင်လယ်သို့ နောက်ထပ်တာတိုပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ခဲ့တယ်ဆိုတာ သတိပြုမိပါတယ်"ဟု တောင်ကိုရီးယား၏ပူးတွဲစစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။
ဒုတိယမြောက်ဒုံးကျည်သည်ကီလိုမီတာ ၆၀၀ ကျော်အထိပျံသန်းသွားခဲ့သည်ဟု ဆိုသည်။ တောင်ကိုရီးယားနှင့်အမေရိကန်အာဏာပိုင်တို့က အဆိုပါဒုံးကျည်၏ တိကျသောအချက် အလက်များကို အသေးစိတ်ဆန်းစစ်နေသည်ဟုသိရသည်။
တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန်တို့က ပစ်လွှတ်မှု၏ ကနဦးအဆင့်နှင့်သက်ဆိုင် သောအခြေအနေများကို ခြေရာခံပြီး မျှဝေနေသည်ဟု တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ကပြောကြားခဲ့သည်။
ဂျပန်က ဒုံးကျည်ပစ်လွှတ်မှုများနှင့်ပတ်သက်၍မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပြီး
ပစ်လွှတ်မှုများသည် ဒေသဆိုင်ရာငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့အတွက် ခြိမ်းခြောက်မှုအဖြစ် ဝေဖန်ရှုတ်ချကြောင်း ကျိုဒိုသတင်းဌာနက ဂျပန်အစိုးရ၏ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။
Ref:AFP