Eleven Media Group

လာအိုတွင် အာဖရိကဝက်တုပ်ကွေး ပျံ့နှံ့နေသဖြင့် ရောဂါထိန်းချုပ်ရေးကို တင်းကျပ်စွာဆောင်ရွက်နေ

လာအိုနိုင်ငံတွင် အာဖရိကဝက်တုပ်ကွေးရောဂါ ပျံ့နှံ့လာနေပြီး ဇွန်လအတွင်း ဆာယာဘူလီပြည်နယ်မှ ရောဂါစတင်ဖြစ်ပွားခဲ့ရာမှ ယခုအချိန်အထိ သေဆုံးထား သို့မဟုတ် သုတ်သင်ခံထားရသည့် ဝက်ကောင်ရေ ၁၁,၀၀၀ ကျော် ရှိလာပြီဟု သိရသည်။

ပြည်နယ်အချို့သို့ ရောဂါပျံ့နှံ့လာပြီးနောက် မြို့တော်ဗီယင်ကျန်းအထိ ဆက်လက်ပျံ့နှံ့လာသဖြင့် အာဏာပိုင်များက ဝက်များနှင့် ဝက်သားထုတ်ကုန်များ သယ်ယူရွှေ့ပြောင်းမှုအပေါ် တင်းကျပ်မှုများ ပိုမိုပြုလုပ်လာသည်။

ဝက်နှင့် ဝက်သားထုတ်ကုန်များ သယ်ဆောင်သည့် မော်တော်ယာဉ်များကိုလည်း ရောဂါပိုးမပြန့်ပွားစေရန် ပိုးသတ်ဆေးဖြင့် သန့်စင်ပြီးမှ သွားလာခွင့်ပြုမည်ဖြစ်သည်။ စည်းမျဉ်းချိုးဖောက်သူများအနေဖြင့် ဒဏ်ငွေသို့မဟုတ် ဥပဒေအရ အရေးယူခံရနိုင်ကြောင်း သတိပေးထားသည်။

အထူးသဖြင့် တရားမဝင် ဝက်သယ်ယူရောင်းချမှုနှင့် ရောဂါကြောင့်သေဆုံးသည့် ဝက်များ၏အသားကို ရောင်းချခြင်းများက ရောဂါပိုမိုပျံ့နှံ့စေနိုင်သဖြင့် ထိုလုပ်ရပ်များကို တင်းတင်းကျပ်ကျပ် တားဆီးရန် လိုအပ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

ဝက်မွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် ဝက်များ၏ ကျန်းမာရေးကို ဂရုတစိုက်စောင့်ကြည့်ရန် ၊ ဝက်များ ဖျားနာပါက သို့မဟုတ် သေဆုံးပါက သက်ဆိုင်ရာအာဏာပိုင်များထံ ချက်ချင်းအကြောင်းကြားပြီး သွေးနမူနာများကို တိရစ္ဆာန်ရောဂါရှာဖွေရေးဌာနသို့ ပေးပို့စစ်ဆေးရမည်ဖြစ်သည်။

အာဖရိကဝက်တုပ်ကွေးသည် အိမ်မွေးဝက်များနှင့် တောဝက်များတွင် အလွန်ကူးစက်လွယ်သည့် ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ကူးစက်ခံရသည့် ဝက်များအနက် သေဆုံးနှုန်းမှာ ၁၀၀ ရာခိုင်နှုန်းနီးပါးအထိ ရှိနိုင်သည်။ သို့သော် တိရစ္ဆာန်မှ လူသို့ မကူးစက်နိုင်ပေ။

Ref: Laotian Times

မူရင်းသတင်း — Eleven Media Group