Eleven Media Group

■၂၀၂၁ ခုနှစ်က ဟေတီသမ္မတ ဂျိုဗီနယ် မွိုက်စ်အား လုပ်ကြံသတ်ဖြတ်မှုတွင် သံသယရှိသူ ၁၈ ဦးကို ဟေတီမှ အမေရိကန်သို့ လွှဲပြောင်းပို့ဆောင်

၂၀၂၁ ခုနှစ်က ဟေတီသမ္မတ ဂျိုဗီနယ် မွိုက်စ်အား လုပ်ကြံသတ်ဖြတ်မှုတွင် သံသယရှိသူ ၁၈ ဦးကို ဟေတီမှ အမေရိကန်သို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း အမေရိကန်အရာရှိများက စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါသံသယရှိသူများကို တရားရင်ဆိုင်ရန်အတွက် ဖလော်ရီဒါပြည်နယ်သို့ လွှဲပြောင်းပို့ဆောင် လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အသက် ၅၃ နှစ်အရွယ် မွိုက်စ်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ၎င်း၏နေအိမ်တွင် စစ်သင်တန်းဆင်း ကိုလံဘီယာ ကြေးစားစစ်သား ၂၀ ခန့်ပါဝင်သော ကြေးစားအဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ၎င်း၏ လုံခြုံရေးအဖွဲ့သည် ၎င်းအား ကာကွယ်နိုင်ခဲ့ခြင်း မရှိပေ။

"ဒီနေ့ ပြုလုပ်ခဲ့တဲ့ နယ်မြေအသီးသီးနဲ့ နိုင်ငံတကာအဆင့် ဖမ်းဆီးမှုတွေဟာ ဒီကြံစည်မှုမှာ ပါဝင်သူအားလုံးကို တရားဥပဒေရှေ့မှောက် ပို့ဆောင်ပေးဖို့ FBI ရဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်မှုကို ပေါ်လွင်စေပါတယ်" ဟု FBI အထူးစုံစမ်းစစ်ဆေးရေးမှူး ဘရက်တ် စကိုင်းလ်စ်က X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

"ဟေတီကနေ စစ်ဘက်ဆိုင်ရာ လေယာဉ်နဲ့ လွှဲပြောင်းခေါ်ဆောင်လာသူ ၁၈ ဦးဟာ ဖလော်ရီဒါ တောင်ပိုင်းခရိုင်မှာ အမေရိကန် တရားဥပဒေအတိုင်း ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်" ဟု ဖက်ဒရယ် အစိုးရရှေ့နေ ဂျေဆန် ရက်ဒင်း ကွီနိုးနက်စ်က ပြောကြားခဲ့သည်။

"ငါးနှစ်အကြာမှာလည်း အမှုနဲ့ ပတ်သက်တဲ့ သံသယတရားခံတွေကို အမေရိကန် တရားရုံးတွေ ရှေ့မှောက် ဆက်လက် ပို့ဆောင်နေဆဲဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေ မပြီးသေးပါဘူး" ဟု ကွီနိုးနက်စ်က ရေးသားခဲ့ကာ ယင်းလုပ်ကြံမှုတွင် ယနေ့အထိ သံသယရှိသူ ၃၀ ဦးကို တရားစွဲဆိုထားပြီးဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

လွှဲပြောင်းပေးလိုက်သူများထဲတွင် အဓိက စုံစမ်းစစ်ဆေးခံနေရသည့် သံသယရှိသူ တစ်ဦးဖြစ်သူ ဟေတီ တရားရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရာရှိဟောင်း ဂျိုးဇက် ဖိလစ် ဘာဒီယို ပါဝင်ကြောင်း ဟေတီ အစိုးရနှင့် ရဲတပ်ဖွဲ့ သတင်းမြစ်များက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ကျန်ရှိသူများမှာ ကိုလံဘီယာ ကြေးစားစစ်သားများဖြစ်ကြောင်း အဆိုပါ သတင်းမြစ်များက ဆိုသည်။

ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဟေတီသမ္မတနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ကိုလံဘီယာ နိုင်ငံသား ၁၇ ဦးအား လွှဲပြောင်းပို့ဆောင်မှုကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ကိုလံဘီယာအစိုးရ အနေဖြင့် မိမိတို့နိုင်ငံသားများကို အမေရိကန်သို့ လွှဲပြောင်းပို့ဆောင်ရေး လုပ်ငန်းစဉ်နှင့် ဆုံးဖြတ်ချက်များတွင် ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိဘဲ ယင်းကိစ္စသည် သက်ဆိုင်ရာ နိုင်ငံများ၏ အာဏာပိုင် များ၏ စီရင်ပိုင်ခွင့်အောက်တွင်သာ ရှိကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မေလအတွင်းက မိုင်ယာမီရှိ ဖက်ဒရယ်တရားရုံးတစ်ခုက မွိက်စ်အား လုပ်ကြံရန် သို့မဟုတ် ပြန်ပေးဆွဲရန် ကြံစည်မှု၊ လိုအပ်သော အထောက်အပံ့များ ပံ့ပိုးပေးရန် ကြံစည်မှုနှင့် ပြည်ပတွင် တရားမဝင် စစ်ဆင်ရေး ပြုလုပ်ရန် အမေရိကန်၏ ကြားနေရေးဥပဒေကို ချိုးဖောက်မှု အပါအဝင် စွပ်စွဲချက်များဖြင့် အမျိုးသား လေးဦးကို အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခဲ့သည်။

အဆိုပါ အမျိုးသားများသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အထိ ကျခံရဖွယ် ရှိနေသည်။

Ref: AFP,Photos- AP/AFP

မူရင်းသတင်း — Eleven Media Group