
အမေရိကန်က လျှို့ဝှက်သဘောတူညီချက်များဖြင့် တတိယနိုင်ငံများသို့ လူပေါင်း ၂၅၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း Forbidden Stories အမည်ရှိ အဖွဲ့၏ စူးစမ်းလေ့လာချက်တွင် ဖော်ပြခဲ့သည်။
ယင်းကဲ့သို့ ပြည်နှင်ဒဏ်ပေးရာတွင် ရွှေ့ပြောင်းနေထိုင်သူများနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိသည့် နိုင်ငံပေါင်း ၃၅ နိုင်ငံနှင့် လျှို့ဝှက်သဘောတူညီချက်များပြုလုပ်ခဲ့သည်ဟု ဆိုသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တာဝန်စတင်ထမ်းဆောင်ချိန်မှစပြီး အမေရိကန်အစိုးရသည် တရားဝင်အားဖြင့် နေရပ်ပြန်ပို့၍မရသော ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံပေးရန် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။
Forbidden Stories ၏ စူးစမ်းလေ့လာချက်အရ အမေရိကန်အစိုးရအဖွဲ့သည် ရွှေ့ပြောင်းများကို လက်ခံမည့်နိုင်ငံများသို့ တိုက်ရိုက်ဖြစ်စေ၊ လွှဲပြောင်းပို့ဆောင်ရေးလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့ စေရန်လုပ်ဆောင်ပေးသည့် ကုလသမဂ္ဂအေဂျင်စီများသို့ဖြစ်စေ ပေးချေရန်အတွက် ဒေါ်လာ သန်း ၄၁၀ လျာထားကြောင်း တွေ့ရှိရသည်။
Forbidden Stories နှင့် နိုင်ငံတကာ သတင်းထောက်များ အဖွဲ့အစည်းတို့၏ စုဆောင်းရရှိထားသော အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ အမေရိကန်သည် အနည်းဆုံး လူ ၂၅၄၄၇ ဦးကို တတိယနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းတို့အနက် အများစုဖြစ်သော လူဦးရေ ၂၀၀၀၀ ခန့်ကို မက္ကဆီကိုနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ကျန်ရှိသူများကိုမူ လာတင်အမေရိက၊ အာဖရိကနှင့် ပစိဖိတ်ဒေသတို့ရှိ အခြား နိုင်ငံ ၂၇ နိုင်ငံသို့ ခွဲဝေပို့ ဆောင်ခဲ့ပြီး နောက်ထပ် ခုနစ်နိုင်ငံနှင့်လည်း သဘောတူညီချက်များ အပြီးသတ် ချုပ်ဆိုထားပြီးဖြစ်သည်။
အဆိုပါ သဘောတူညီချက်များသည် မည်သည့်နိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးနိုင်သည်ဆိုသည့်အချက်နှင့် ပြစ်မှုမှတ်တမ်းရှိသူများကို လက်ခံမည် သို့မဟုတ် လက်မခံမည်ဆိုသည့် အချက်များအပေါ် မူတည်ပြီး ကွဲပြားမှုရှိသည်။
ယခုနှစ် အစောပိုင်းက အေအက်ဖ်ပီ သတင်းဌာန၏ စုံစမ်းစစ်ဆေးမှုအရ အမေရိကန်သည် အာဖရိကနိုင်ငံများ အား ပြည်နှင်ဒဏ်ပေးခံရသူများကို လက်ခံရန် ဖိအားပေးသည့်အနေဖြင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုများနှင့် ကန့်သတ်ချက်များကို အသုံးပြုနေကြောင်း တွေ့ရှိခဲ့ရသည်။
ပြည်နှင်ဒဏ်ပေးခံရသူများသည် ၎င်းတို့နှင့် မည်သည့် ဆက်နွှယ်မှုမျှမရှိဘဲ အခွင့်အရေး မရှိသလောက် နည်းပါးသည့် နိုင်ငံများတွင် မည်သည့်စွပ်စွဲချက်မျှ မရှိဘဲ ထိန်းသိမ်းခံထားရကာ ဥပဒေမဲ့ တွင်းနက်ထဲသို့ ပစ်ချခံနေရကြောင်း ရှေ့နေများက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
Forbidden Stories ၏ ဖော်ပြချက်အရ အာဖရိကတိုက်ရှိ ၅၄ နိုင်ငံအနက် ၄၉ နိုင်ငံသည် တတိယနိုင်ငံများမှ ပြည်နှင်ဒဏ်ပေးခံရသူများကို လက်ခံပေးရန် ကမ်းလှမ်းဆွေးနွေးခြင်း ခံခဲ့ရကြောင်း သိရသည်။
ရွှေ့ပြောင်းများလက်ခံရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ၊ ငွေပေးချေမှုများကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးလက်အောက်ရှိ ပြန်လည်နေရာချထားရေးရုံးက အဓိက တာဝန်ယူလုပ်ဆောင်ရသည်ဟု Forbidden Stories အဖွဲ့က ပြောကြားခဲ့သည်။
ထိုရုံးကို ၂၀၂၅ ခုနှစ် မေလက ထူထောင်ခဲ့ခြင်းဖြစ်ပြီး လူသိနည်းသည့် ရုံးဖြစ်ကာ အသက် ၄၁ နှစ်အရွယ် သံတမန် ခရစ္စတီယန် ဂျို့ဗ် အားဟတ်က ဦးစီးလျက်ရှိသည်။
Ref: AFP