Eleven Media Group

ဝါရှင်တန်ဒီစီတွင်တည်ဆောက်မည့် အောင်ပွဲခံမုခ်ဦးကို စစ်ဘက်အဆောက်အအုံအဖြစ်ပါ အသုံးပြုမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထ​ရန့်က ဝါရှင်တန်တွင် တည်ဆောက်ရန်စီစဉ်ထားသည့် အောင်ပွဲခံမုခ်ဦးကို အလှဆင်အဆောက်အအုံ တစ်ခုအဖြစ်သာမက အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံအဖြစ်ပါ အသုံးပြုသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။

ထရန့်က Truth Social လူမှုကွန်ရက်တွင် အမေရိကန်စစ်တပ်၏ တိုက်တွန်းချက်အရနှင့် နိုင်ငံတော်လုံခြုံရေး အတွက်ဟုဆိုကာ မူလအစီအစဉ်ကို ပြင်ဆင်ကြောင်း ရေးသားခဲ့သည်။

အဆောက်အအုံအတွင်း ဒရုန်းအရေအတွက် အမြောက်အမြားကို ထားရှိသိမ်းဆည်းနိုင်၊ အလျှင်အမြန်အသုံးချ နိုင်မည်ဖြစ်ပြီး အမိုးနှင့် ရင်ပြင်နေရာများတွင် စနိုက်ပါများကို ချထားနိုင်ကာ ကျည်ဆံအမြောက်အမြားကိုပါ သိုလှောင်ထားမည်ဟု ဆိုသည်။ ထရန့်က ကမ္ဘာပေါ်တွင် ယင်းကဲ့သို့အဆောက်အအုံမျိုး မရှိကြောင်းလည်း ပြောဆိုခဲ့သည်။

အမြင့် ၂၅၀ ပေရှိမည့် အောင်ပွဲခံမုခ်ဦးကို ဝါရှင်တန်ဒီစီမြို့၏ ပိုတိုမက်မြစ်တစ်ဖက်ကမ်း၊ အာလင်တန် သချႋုင်းအနီးတွင် တည်ဆောက်ရန်စီစဉ်ထားပြီး ဆောက်လုပ်မှုကို ယခုလအတွင်း စတင်ရန် မျှော်မှန်း ထားသည်။

မုခ်ဦး၏ထိပ်ပိုင်းတွင် ရွှေရောင်အတောင်ပံများပါရှိသည့် Lady Liberty ရုပ်တု ထားရှိမည်။ ဘေးနှစ်ဖက်တွင် ရွှေရောင်လင်းယုန်ရုပ်တုနှစ်ခု ပါဝင်မည်။ အဆောက်အအုံ၏ ဘေးနှစ်ဖက်တွင် “One Nation Under God” နှင့် “Liberty and Justice for All” ဟူသည့် စာသားများကို ရွှေရောင်ဖြင့် ရေးထိုးထားမည်ဖြစ်သည်။ အောက်ခြေမှ Lady Liberty ရုပ်တု၏ထိပ်အထိ အမြင့် ၂၅၀ ပေရှိမည်ဖြစ်ရာ အနီးရှိ ၉၉ ပေအမြင့်ရှိ လင်ကွန်းအမှတ်တရ အဆောက်အအုံထက် များစွာမြင့်မားမည်ဖြစ်ပြီး ဝါရှင်တန်အထိမ်းအမှတ်တိုင်၏ ထက်ဝက်ခန့်ရှိမည်။

ထရန့်က ၎င်း၏ဒုတိယသမ္မတ သက်တမ်းအတွင်း မြို့တော်ဝါရှင်တန်ဒီစီရှိ အဆောက်အအုံနှင့် အများပြည်သူဆိုင်ရာ နေရာများကို ပြန်လည်မွမ်းမံပြင်ဆင်ရန် ဆောက်လုပ်ရေးစီမံကိန်း အများအပြား လုပ်ဆောင်လျက်ရှိသည်။ ယင်းတို့တွင် အိမ်ဖြူတော် သမ္မတရုံးခန်းကို ရွှေရောင်ဖြင့် ပြန်လည်မွမ်းမံခြင်း၊ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာသန်း ၄၀၀ ခန့်ရှိသည့် အိမ်ဖြူတော် Ballroom ခန်းမဆောက်လုပ်ခြင်း၊ အိမ်ဖြူတော် Rose Garden ပန်းခြံဧရိယာကို ခင်းကျင်းပြင်ဆင်ခြင်းနှင့် လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံရှေ့ရှိရေပြင် ပြန်လည်မွမ်းမံခြင်းတို့ ပါဝင်သည်။

Ref: BBC

မူရင်းသတင်း — Eleven Media Group