
အမေရိကန်စစ်တပ်က မိမိတို့နိုင်ငံကိုတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာပါက ပစ်မှတ်အသစ်များကို တိုက်ခိုက်သွားမည်ဖြစ်သလို လက်နက်သစ်များကိုပါအသုံးပြုသွားမည်ဟု အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က စက်တင်ဘာ ၂၁ ရက်တွင် သတိပေးခဲ့သည်။
တီဟီရန်နှင့် ဝါရှင်တန်တို့ စစ်ပွဲစတင်ခဲ့သည်မှာ ခုနစ်လနီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း အခြေအနေမှာ မတိုးသာမဆုတ်သာဖြစ်နေပြီး နှစ်ဖက်စလုံးက အင်အားအပြည့်သုံးသော စစ်ပွဲပြန်ဖြစ်ရန် လိုလားပုံမရပေ။
အီရန်စစ်တပ်၏ သဘောတရားရေးရာ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်၏ တိုက်ခိုက်မှုများ ထပ်မံစတင်လာပါက "မိမိတို့၏ကာကွယ်ရေးနှင့် တန်ပြန်တိုက်စစ်ဆင်မှုများတွင် သိသာထင်ရှားသော အပြောင်းအလဲများမလွဲမသွေ ရှိလာမည်" ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
"ကျွန်တော်တို့ဟာ စွမ်းဆောင်ရည်သစ်တွေပါဝင်တဲ့ လက်နက်ဆန်းတွေကို စစ်မြေပြင်မှာ စတင် အသုံးပြုသွားမှာပါ။ကမ္ဘာကြီးက အံ့အားသင့်သွားရပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။
"ဒါ့အပြင် ကျွန်တော်တို့ရဲ့ ပစ်မှတ်တွေဟာလည်း ယခင်ကလိုဖြစ်နေမှာ မဟုတ်တော့ပါဘူး။ အရင်က တိုက်ခိုက်ခံရခြင်းမရှိသေးတဲ့ ပစ်မှတ်အသစ်တွေကိုပါ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်" ဟု အဆိုပါ ပြောရေးဆို ခွင့်ရှိသူက ပြောကြားသည်။
ထို့အပြင် တော်လှန်ရေးအစောင့်တပ်က မိမိတို့အနေဖြင့် "ရေရှည်စစ်ပွဲ" အတွက် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။
အမေရိကန်က တီဟီရန်ကို တိုက်ခိုက်မှုအသစ် ပြုလုပ်ရန် စီစဉ်နေသည်ဟု အီရန်စစ်တပ်၏ ဗဟိုကွပ်ကဲရေး ဌာနက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု အစိုးရရုပ်မြင်သံကြားသတင်းတွင် ဖော်ပြထားသော် လည်း အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြခြင်းမရှိပေ။
လွန်ခဲ့သည့်လကုန်ပိုင်းက တင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် အီရန်တို့၏တိုက်ပွဲများသည် မကြာသေးမီရက်ပိုင်းအတွင်း ပြန်လည်ငြိမ်သက်သွားခဲ့သော်လည်း တီဟီရန်ဘက်ကမူ ဟော်မုဇ်ရေလက်ကြား ရှိ ကုန်သင်္ဘောများကို တစ်ခါတစ်ရံ တိုက်ခိုက်လျက်ရှိသည်။
နှစ်ဖက်စလုံးသည် အပြန်အလှန် ဖိအားပေးရန်အတွက် အဆိုပါ ရေလမ်းကြောင်းကိုပိတ်ဆို့မှုများ အပြိုင်အဆိုင် လုပ်ဆောင်လျက်ရှိသည်။
Ref:AFP