Eleven Media Group

■ထရန့်အစိုးရက ICC တစ်ခုလုံးကို ပစ်မှတ်ထားမည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ပြင်ဆင်နေ

ဒေါ်နယ်ထရန့်အစိုးရအဖွဲ့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ ဘဏ္ဍာရေးနှင့် နေ့စဉ်လုပ်ငန်း ဆောင်တာများကို ထိခိုက်စေနိုင်သည့် ကျယ်ပြန့်သော ပိတ်ဆို့အရေးယူမှုများကို ချမှတ်ရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

အဆိုပါ ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက် ခြောက်လမှ ခုနစ်လအထိ အချိန်ကာလတစ်ခုပေးပြီးနောက် အမေရိကန်ဘက်မှ ICC နှင့်ပြုလုပ်သည့် ငွေကြေးဆိုင်ရာနှင့် အခြားအဓိကလုပ်ငန်းဆိုင်ရာ အရောင်းအဝယ် အများစုကို တားမြစ်သွားမည်ဖြစ်ကြောင်း ဝေါစထရိဂျာနယ်က စက်တင်ဘာ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။

ယခင်က ICC တရားသူကြီးများနှင့် အစိုးရရှေ့နေများကို တစ်ဦးချင်းစီ ပစ်မှတ်ထားခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ICC အဖွဲ့အစည်းတစ်ခုလုံးကို တိုက်ရိုက်ပစ်မှတ်ထားရန် စီစဉ်နေခြင်းဖြစ်သည်။ ထရန့်အစိုးရက ပိတ်ဆို့မှုသစ်ကို မကြာမီကြေညာရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းသို့ အမှန်တကယ် ပိတ်ဆို့လိုက်ပါက အမေရိကန်နိုင်ငံသားများ၊ အမေရိကန်ကုမ္ပဏီများအနေဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ICC ထံ ငွေကြေး၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို တားမြစ်ခံရမည်ဖြစ်သည်။

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများသည် အမေရိကန်ဘဏ္ဍာရေးစနစ်နှင့် ဆက်နွယ်နေကြသည့် ဘဏ်များနှင့် ကုမ္ပဏီများအပေါ်လည်း သက်ရောက်မှုရှိနိုင်သဖြင့် ထိုအဖွဲ့အစည်းများအနေဖြင့် အမေရိကန်၏ စည်းမျဉ်းများကို ချိုးဖောက်မိခြင်းမရှိစေရန် အထူးသတိထားဆောင်ရွက်လေ့ရှိသည်။

ICC ဘက်က အဖွဲ့အစည်းတစ်ခုလုံး ပိတ်ဆို့ခံရပါက သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများနှင့် အာမခံဝန်ဆောင်မှုများ ဝယ်ယူခြင်း၊ စစ်ဆေးရေးအရာရှိများ ခန့်အပ်ခြင်းနှင့် အမေရိကန်နိုင်ငံသား ဝန်ထမ်းများအပါအဝင် ဝန်ထမ်းများ၏ လစာပေးချေခြင်းကဲ့သို့ ပုံမှန်လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်ကြောင်း သတိပေးဖူးသည်။

၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီတွင် ထရန့်၏အမိန့်အရ ICC တရားသူကြီးများနှင့် အစိုးရရှေ့နေ ၁၂ ဦးကျော်ကို အရေးယူထားပြီးဖြစ်သည်။ ၂၀၂၆ ခုနှစ် ၊ ဩဂုတ်တွင် ICC ဥက္ကဋ္ဌ တိုမိုကို အကာနေးနှင့် အကြီးတန်း တရားခွင်ရှေ့နေ အဗ္ဗဒူလာဆီတို့ကိုလည်း ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။ ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာတွင် ICC က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂယ်လန့် တို့ကို ဂါဇာစစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် အမေရိကန်နှင့် ICC တို့ကြား ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့သည်။

အစ္စရေးနှင့် အမေရိကန်သည် ICC အဖွဲ့ဝင်နိုင်ငံများ မဟုတ်ကြသည့်အပြင် ICC ၏ တရားစီရင်ပိုင်ခွင့်ကိုလည်း လက်မခံဟု ထုတ်ဖော်ပြောဆိုထားသည်။ အမေရိကန်တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲထားသည့် အာဖဂန်နစ္စတန်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ICC ၏ စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို လည်း အမေရိကန်ဘက်က ကန့်ကွက်ထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ICC ကို နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပိုမိုအထီးကျန်စေရန် လုပ်ဆောင်သွားမည့် အစီအစဉ်ကို ဇူလိုင်လကကြေညာခဲ့ပြီး အခြားနိုင်ငံများအား ICC မှ နုတ်ထွက်ရန် တိုက်တွန်းထားသည်။

Ref: Al Jazeera / Reuters

မူရင်းသတင်း — Eleven Media Group