Eleven Media Group

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်တစ်နိုင်ငံလုံးကို ဖောက်ခွဲခြင်းပြုမပြု မိမိဆုံးဖြတ်မည်ဟု ပြောဆိုခြိမ်းခြောက်

စက်တင်ဘာ ၂ဝ ရက်က Fox News သတင်းဌာနနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းသည် အီရန်နှင့် ဖြစ်ပွားနေသော အမေရိကန်၏ စစ်ပွဲကို အရှိန်မြှင့်တင်ရန်အလားအလာကို ဆုံးဖြတ်မည်ဟု ပြောကြားခဲ့သည်။

"ကျွန်တော့်ရဲ့မေးခွန်းကတော့ ကျွန်တော်က တစ်နိုင်ငံလုံးကို ဖောက်ခွဲမလား၊ ဘယ်အချိန်မှာ ဖောက်ခွဲမလဲဆိုတာပဲဖြစ်ပါတယ်"ဟု ထရန့်က ပြောကြားခဲ့သည်။

စစ်ပွဲတွင် ကြီးကြီးမားမား အရာများ ဖြစ်လာတော့မည်ဟု သမ္မတက ဖြည့်စွက်ပြောသော်လည်း အသေးစိတ်မပြောခဲ့ပေ။

ယခုသီတင်းပတ်ထဲ နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိမိသည် အီရန်သမ္မတ မာဆွတ်ပီဇက်ခီယန်နှင့်တွေ့ဆုံရန် လမ်းဖွင့်ထားသည်ဟု ထရန့်က Fox News သတင်းဌာန၏ Trey Yingst ကို ပြောကြားခဲ့သည်။

ထရန့်က အီရန်စစ်ပွဲအတွင်း ကြီးမားသည့် စစ်ရေးအရှိန်မြှင့်မှုများ လုပ်မည့်အလားအလာကို အကြိမ်ကြိမ်ပြောနေခဲ့သော်လည်း ပြောသည့်အတိုင်း လုပ်ဆောင်ခြင်းမရှိသည်ကို တွေ့ရသည်။

စက်တင်ဘာ ၂၀ ရက်တွင် ထရန့်ပြောခဲ့သောစကားသည် ဧပြီတုန်းက အီရန်ကို ခြိမ်းခြောက်ပြောဆိုခဲ့သည့် စကားအတိုင်းပင်ဖြစ်သည်။

"တစ်နိုင်ငံလုံးဟာ ဒီညမှာ သေကုန်လိမ့်မယ်။ ဘယ်တော့မှ နာလန်ပြန်ထူလာမှာမဟုတ်တော့ဘူး"ဟု ဧပြီတုန်းက ထရန့်က အီရန်ကို ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်က တီဟီရန်ကို တိုက်ခိုက်မှုအသစ် ပြုလုပ်ရန် စီစဉ်နေသည်ဟု

အီရန်စစ်တပ်၏ဗဟိုကွပ်ကဲရေးဌာနက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု အစိုးရရုပ်မြင်သံကြားသတင်းတွင် ဖော်ပြထားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြခြင်းမရှိပေ။

​အီရန်စစ်တပ်၏ သဘောတရားရေးရာ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်၏ တိုက်ခိုက်မှုများ ထပ်မံစတင်လာပါက "မိမိတို့၏ကာကွယ်‌ရေးနှင့် တန်ပြန်တိုက်စစ်ဆင်မှုများတွင် သိသာထင်ရှားသော အပြောင်းအလဲများ မလွဲမသွေ ရှိလာမည်"ဟု သတိပေးပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group