
အွန်လိုင်းပေါ်မှ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းကြောင့် အသက် ၆၆ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးသည် လမ်ပန်းပြည်နယ်မှ ချင်းမိုင်အထိ တစ်ဦးတည်း ခရီးထွက်လာခဲ့သော်လည်း ၎င်းစောင့်မျှော်နေသူက Facebook ပေါ်တွင် AI နည်းပညာဖြင့် ဖန်တီးထားသည့် ဇာတ်ကောင်တစ်ခုဖြစ်နေမှန်း နောက်မှသိခဲ့ရသည်။
စက်တင်ဘာ ၁၆ ရက် ည ၈ နာရီခန့်က ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ချင်းမိုင်တိုးရစ်ရဲတပ်ဖွဲ့နှင့် လုံခြုံရေးဝန်ထမ်းများက လေဆိပ်အတွင်း နာရီပေါင်းများစွာ တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသည့် အမျိုးသမီးကို တွေ့ရှိပြီး အခြေအနေမေးမြန်းကာ ကူညီပေးခဲ့ရသည်။
အမျိုးသမီးက အွန်လိုင်းပေါ်တွင် ချစ်ကြိုက်ရင်းနှီးခဲ့သည့် “ချိုင်” ဆိုသူနှင့်တွေ့ရန် ရည်ရွယ်ထားကာ “ချိုင်” ကို လေယာဉ်မှူးတစ်ဦးအဖြစ် ယုံကြည်ထားခဲ့သည်။
အာဏာပိုင်များက စစ်ဆေးကြည့်ရှုပေးတော့မှ “ချိုင်” ဆိုသူနှင့် ဆက်စပ်နေသည့် Facebook အကောင့်သည် AI နည်းပညာဖြင့် ဖန်တီးထားသည့် ဇာတ်ကောင်ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။ အကောင့်တွင်တင်ထားသည့် ဓာတ်ပုံများနှင့် ရေးသားချက်များက သဘာဝကျလွန်းသဖြင့် အမျိုးသမီးက ယုံကြည်ခဲ့ခြင်းဖြစ်သည်။
အခြေအနေကို သိပြီးနောက် အာဏာပိုင်များက အမျိုးသမီး၏သားဖြစ်သူထံ ဆက်သွယ်ကာ ဖြစ်စဉ်ကို အသိပေးခဲ့သည်။ မိသားစုဝင်များက ချင်းမိုင်သို့ ၎င်းတစ်ဦးတည်း ထွက်သွားသည်ကို မသိခဲ့ဟုပြောသည်။ အာဏာပိုင်များက ထိုအမျိုးသမီးအတွက် စားသောက်ရေးအပြင် ယာယီတည်းခိုရန် စီစဉ်ပေးခဲ့ပြီး အိမ်ကိုဘေးကင်းစွာ ပြန်ရောက်ရန် ကူညီပေးခဲ့သည်။
ယခုဖြစ်စဉ်သည် AI နည်းပညာနှင့် လူမှုကွန်ရက်များ ပေါင်းစပ်အသုံးပြုလာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်တစ်ရပ်ကို မီးမောင်းထိုးပြနေသည်။