
၁၆ ကြိမ်မြောက် EPS-TOPIK ကုန်ထုတ်လုပ်ငန်း (ဒုတိယသုတ်) အောင်မြင်ပြီး အလုပ်ရှင်ရွေးချယ်ခံရခြင်း မရှိသူများအတွက် အလုပ်လျှောက်လွှာ သက်တမ်းတိုးခေါ်ယူကြောင်း သိရသည်။
၁၆ ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) ကုန်ထုတ်လုပ်ငန်း (ဒုတိယသုတ်) အောင်မြင်ပြီး အလုပ်ရှင်ရွေးချယ်ခံရခြင်း မရှိသေးသူများအတွက် အလုပ်လျှောက်လွှာ သက်တမ်းတိုးခေါ်ယူခြင်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီရုံး၊ ပင်လုံခန်းမ၌ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အလုပ်လျှောက်လွှာထုတ်ပေးခြင်းနှင့် အလုပ်လျှောက်လွှာလက်ခံခြင်းကို ဖြေဆိုခွင့်အမှတ်စဉ်အလိုက် စက်တင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတိပြုရမည့်အချက်များအနေဖြင့် အလုပ်လျှောက်လွှာအား ကာယကံရှင်ကိုယ်တိုင် နိုင်ငံကူးလက်မှတ်၊ စာမေးပွဲဖြေဆိုခွင့် ဖြတ်ပိုင်းများနှင့်အတူ ပြသထုတ်ယူရပါမည်၊ စာမေးပွဲလျှောက်လွှာတင်သွင်းခဲ့သည့် ဓာတ်ပုံ၊ နိုင်ငံကူးလက်မှတ်ပါဓာတ်ပုံနှင့် ကိုယ်ရေး အချက်အလက်များနှင့် ယခုသက်တမ်းတိုး လျှောက်လွှာတင်သွင်းသည့် ဓာတ်ပုံ ကိုယ်ရေးအချက်အလက်များသည် တူညီ(တစ်ဦးတည်းသာ)ရပါမည်ဖြစ်ကြောင်း သိရသည်။
အလုပ်လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများမှာ အလုပ်လျှောက်လွှာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ (မူရင်းပြသရန်)၊ ပတ်စ်ပို့ဓါတ်ပုံ(၃)ပုံ၊ (ဆေးသားကောင်းမွန်ပြီး နောက်ခံအဖြူရောင်၊ ၃.၅ စင်တီမီတာ x ၄.၅ စင်တီမီတာ)၊ မိမိတို့၏လက်ကိုင်ဖုန်းထဲ၌ soft copy J.PEG ဖိုင်သိမ်းဆည်းထားရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ ကိုယ်ပိုင်ငွေစာရင်း Bank Account ဖော်ပြရမည်ဖြစ်သဖြင့် နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ် တစ်ခုခုတွင် နိုင်ငံကူးလက်မှတ်ပါ အမည်အတိုင်း ဖွင့်လှစ်ထားသည့် ကိုယ်ပိုင် ဘဏ်ငွေစာရင်း စာအုပ် မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ပညာအရည်အချင်းအထောက်အထား မိတ္တူ(ရှိပါက) ကိုရီးယားသမ္မတနိုင်ငံ၌ သွားရောက် အလုပ်လုပ်ကိုင်ဖူးသူများသည် အလုပ်အကိုင် အမျိုးအစား၊ နိုင်ငံခြားသားအလုပ်သမားမှတ်ပုံတင်နံပါတ်နှင့် လုပ်ငန်းစိပ်၊ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခဲ့သည့် ခုနှစ်၊ လ၊ ရက်တို့ကို ပြည့်စုံ မှန်ကန်စွာဖော်ပြရန် စသည်တို့ဖြစ်ကြောင်း သိရသည်။
အလုပ်လျှောက်လွှာတွင် ဖြည့်စွက်ရမည့် အချက်အလက်များ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ တင်ပြသည့်အထောက်အထားများ မှန်ကန်စွာဖော်ပြရန် လိုအပ်ကြောင်း၊ မမှန်မကန်ဖော်ပြ ဖြည့်စွက်ခဲ့ပါက ကာယကံရှင်၏ တာဝန်သာဖြစ်ကြောင်း၊ အလုပ်လျှောက်လွှာတင်ရာတွင် နိုင်ငံကူးလက်မှတ် သက်တမ်း အနည်းဆုံး တစ်နှစ်အထက် ရှိရမည်ဖြစ်ကြောင်း၊ အလုပ်လျှောက်လွှာတင်သွင်းသူတိုင်း ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရမည်ဟု အာမမခံကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်သည်။