Eleven Media Group

■ တိုက်ကြီးမြို့နယ်တွင် ပြည်-ရန်ကုန် DEMU အမြန်ရထားအား ခဲဖြင့် ပစ်ပေါက်သူအား ဖမ်းဆီးရမိ

တိုက်ကြီးမြို့နယ်တွင် ပြည်-ရန်ကုန် DEMU အမြန်ရထားအား ခဲဖြင့် ပစ်ပေါက်သူအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူ အသိုင်းအဝိုင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် ညနေ ၆ နာရီ‌ကျော်ဝန်းကျင်တွင် ပြည်ဘူတာမှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်ထွက်ခွာလာသော အမှတ် (၇၄) အစုန် ပြည်-ရန်ကုန် DEMU အမြန်ရထားသည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာနှင့် သနပ်ချောင်းဘူတာကြား မိုင်တိုင်အမှတ် ၄၈/၂ဝ ရေကျော်ဘူတာအနီးသို့ ဖြတ်မောင်းသွားစဉ် အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူ အသိုင်းအဝိုင်းထံမှ သိရသည်။

ထိုသို့ ပစ်ပေါက်ခံရမှုကြောင့် DEMU အမြန်ရထား၏ ပထမတန်းတွဲ (၂) ဝဲဘက်ခြမ်း၊ 4A-B ပြတင်းပေါက်မှန် ထိမှန်ပေါက်ကွဲပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာ ရထားအား အုတ်ခဲကျိုးဖြင့် ပစ်ပေါက်သူမှာ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာအုပ်စု၊ ဒုံးခိုက်ကျေးရွာနေ မီးရထားဝန်ထမ်းဂိတ်စောင့်ဖြစ်သူကြောင်း၊ ၎င်းသည် အရက်သောက်စားမူးယစ်ပြီး ရထားသံလမ်းဘေးရှိ လမ်းခင်းရန် ထားရှိသော အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ရထားအား အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ခဲ့သူအား တိုက်ကြီးမြို့မရဲစခန်းက (ပ)၁၄၇/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၄ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group