Eleven Media Group

■ ပေါင်မြို့နယ် ဘန့်ဘွေးကုန်း ရွာအနီးတွင် ရန်ကုန် - မော်လမြိုင် အမှတ် (၈၃) အဆန် DEMU ရထားကို ခဲဖြင့် ပစ်ပေါက်သူ မသင်္ကာဖွယ်ရာ အမျိုးသား နှစ်ဦးအား သက်ဆိုင်ရာက ဖမ်းဆီး

ရန်ကုန်ဘူတာကြီးမှ (ယနေ့) စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၅ နာရီ တွင်ထွက်ခွာလာသည့် ရန်ကုန် - မော်လမြိုင် အမှတ် (၈၃) အဆန် DEMU ရထားမှာ ပေါင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအနီးတွင် ခဲဖြင့် ပေါက်ခံရပြီး မသင်္ကာဖွယ်ရာအမျိုးသား (၂) ဦးအား သက်ဆိုင်ရာက ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ ရန်ကုန် - မော်လမြိုင် အမှတ် (၈၃) အဆန် DEMU ရထားမှာ နံနက် (၁၀) နာရီအချိန်တွင် ပေါင်ဘူတာမှ မော်လမြိုင်ဘူတာကြီးသို့ ဆက်လက်ထွက်ခွာလာစဉ် ကျွဲခြံဘူတာအလွန် ဘန့်ဘွေးကုန်းကျေးရွာ ဦးထိ်နလင်း ဆိုသူ၏ လယ်အနီးတွင် ခဲဖြင့် ပစ်ပေါက်ခံခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရထား ခဲနဲ့ ပေါက်ခံရတာကို သိသိချင်း ရထားကိုရပ်လိုက်ပြီးတော့ အခင်းဖြစ်တဲ့နေရာကို ရထားနောက်ပြန်မောင်းလာခဲ့ပါတယ်။ ပြီးတော့ လယ်ကွင်းမှာတွေ့ရတဲ့ မသင်္ကာဖွယ်ရာအမျိုးသားတစ်ဦးကို ရထားရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပါတယ်” ဟု ပြောကြားသည်။

အခင်းဖြစ်ပွားရာနေရာအနီးတွင် ဖမ်းဆီးရမိခဲ့သူမှာ အသက် (၄၅) နှစ် အရွယ် ကျော်လင်းထွန်းဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ ဆိတ်ကျောင်းနေသူ တစ်ဦးဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူ လယ်ကွင်းအတွင်း ငါးဖမ်းနေသည့် မောင်နိုင် (ခ) ဂျပု ဆိုသူကိုလည်း ရထားရဲတပ်ဖွဲ့နှင့် မုတ္တမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးရမိခဲ့သည်ဟု သိရကြောင်း ၎င်းကဆိုသည်။

ခဲဖြင့် ပစ်ပေါက်ခံခဲ့ရသည့် DEMU ရထားမှာ မည်သို့ထိခိုက်ပျက်ဆီးသွားသည်ကို သက်ဆိုင်ရာက စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိတွင် ကျော်လင်းထွန်း ဆိုသူနှင့် မောင်နိုင် (ခ) ဂျပုဆိုသူတို့အား မုတ္တမနယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Eleven Media Group