Eleven Media Group

■ အမေရိကန်၏ နာမည်ကြီးရုပ်သံလိုင်းများက အိမ်ဖြူတော်နှင့်ပတ်သက်ပြီး သတင်းဖော်ပြမှုများကို ဆိုင်းငံ့ရန် သဘောတူညီခဲ့ပြီးနောက် အိမ်ဖြူတော်က Trump TV အမည်ရှိ ရုပ်သံလိုင်းကို စတင်ထုတ်လွှင့်

အမေရိကန်၏ နာမည်ကြီးရုပ်သံလိုင်းများက အိမ်ဖြူတော်နှင့်ပတ်သက်ပြီး သတင်းဖော်ပြမှုများကို ဆိုင်းငံ့ရန် သဘောတူညီခဲ့ပြီးနောက် အိမ်ဖြူတော်က Trump TV အမည်ရှိ ရုပ်သံလိုင်းကို စတင်ထုတ်လွှင့်ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်သည် CNN ၊ MS Now နှင့် Politico သတင်းဌာနများကို အစိုးရအဖွဲ့နှင်ပတ်သက်ပြီး သတင်းမှားများ ထုတ်လွှင့်နေသည်ဟု စွပ်စွဲကာ အိမ်ဖြူတော်တွင် သတင်းရယူခွင့် ပိတ်ပင်ခဲ့သည်။

ထိုကဲ့သို့ သတင်းမီဒီယာများကို ပိတ်ပင်ခဲ့မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ထရန့် အနှစ်သက်ဆုံး သတင်းဌာနဖြစ်သည့် Fox News အပါအဝင် အမေရိကန်၏ နာမည်ကြီးရုပ်သံလိုင်းများက ထရန့်နှင့်ပတ်သက်သည့် သတင်းဖော်ပြမှုများကို ဆိုင်းငံ့ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော်တွင် သတင်းများကို ရယူပြီး ကမ္ဘာတစ်ဝှမ်းရှိ သတင်းအဖွဲ့အစည်းများထံ ရုပ်သံမှတ်တမ်းများ မျှဝေပေးသည့် မီဒီယာများ အလှည့်ကျသတင်းယူမှုစနစ် (White House press pool) ၏ စက်တင်ဘာ ၂၁ ရက် သတင်းယူမည့် အစီအစဉ်မှ CNN က အလှည့်ကျ သတင်းရယူရမည်ဖြစ်သော်လည်း အိမ်ဖြူတော်က CNN ကို ဖယ်ရှားခဲ့သည်။

ယင်းလုပ်ဆောင်ချက်သည် MS Now နှင့် အွန်လိုင်းသတင်းဌာန Politico တို့နှင့်အတူ CNN ရုပ်သံလိုင်းကို သတင်းယူခွင့်ပိတ်ပင်မည်ဟု စက်တင်ဘာ ၁၈ ရက်က ကြေညာခဲ့သည့် ထရန့်၏ ပိတ်ပင်မှုကို လက်တွေ့ အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။

အဆိုပါ သတင်းဌာနသုံးခုက သတင်းယူရန်အတွက် အိမ်ဖြူတော်အတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရန် အစိုးရကို တရားစွဲဆိုထားသည်ဟု ပြောကြားခဲ့သော်လည်း CBS၊ ABC၊ NBC နှင့် Fox News တို့၏ ပူးပေါင်းကန့်ကွက်မှုသည် ထရန့်အစိုးရအဖွဲ့နှင့် မီဒီယာများအကြား တင်းမာမှုများ အလွန်အမင်း မြင့်တက်လာခြင်းကို ပေါ်လွင်စေသည်။

အိမ်ဖြူတော်ကမူ ထရန့်အစိုးရအဖွဲ့၏ အောင်မြင်မှုများဟု ခေါ်ဆိုသည့် ဗီဒီယိုများနှင့် သတင်းတိုများကို ထုတ်လွှင့်ပြသမည်ဖြစ်သော Trump TV အမည်ရှိ ရုပ်သံလိုင်းတစ်ခုကို စတင်လိုက်ခြင်းဖြင့် မီဒီယာများ၏ သပိတ်မှောက်မှုကို ပြန်လည်တုံ့ပြန်ခဲ့သည်။

အိမ်ဖြူတော်၏ အဆိုပါ လုပ်ဆောင်ချက်သည် အစိုးရ၏ ဝါဒဖြန့်မှုများကို အစဉ်မပြတ် ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း လွတ်လပ်သော သတင်းမီဒီယာ ရပ်တည်ရေး လှုပ်ရှားသူများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

ယခုကဲ့သို့ သတင်းမီဒီယာများ၏ သပိတ်မှောက်မှုသည် စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ထရန့်၏ မိန့်ခွန်းပြောကြားမှုနှင့် စက်တင်ဘာ ၂၄ ရက်တွင် တရုတ်သမ္မတ ရှီကျင်းပင်နှင့် ပြုလုပ်ဖွယ်ရှိသည့် ထိပ်သီးဆွေးနွေးပွဲများမတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော်ဆိုင်ရာ သတင်းယူခွင့်ရ မီဒီယာအဖွဲ့ (White House press pool) ဆိုသည်မှာ အိမ်ဖြူတော်၏ လှုပ်ရှားမှုများကို သတင်းရယူပြီး သမ္မတနှင့်အတူ Air Force One လေယာဉ်ဖြင့် ခရီးစဉ်များသို့ လိုက်ပါသတင်းယူရသည့် အလှည့်ကျ သတင်းထောက်အဖွဲ့ဖြစ်သည်။

၁၉၃၀ ပြည့်လွန်နှစ်များ သမ္မတ ဖရန်ကလင်း ဒီ ရူးစဗဲ့လ်လက်ထက်ကတည်းက စတင်ခဲ့သည့် အဆိုပါ အဖွဲ့သည် အိမ်ဖြူတော်နှင့်ပတ်သက်သည့် နောက်ဆုံးရ သတင်းများ၊ ဗီဒီယိုများနှင့် ဓာတ်ပုံများကို ကမ္ဘာတစ်ဝှမ်းရှိ သတင်းထောက်များထံ ဖြန့်ဝေပေးလျက်ရှိသည်။

Ref: Financial Review

မူရင်းသတင်း — Eleven Media Group