Eleven Media Group

■ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ကွန်ပြူတာမိတ္တူဆိုင် မီးလောင်မှု အမျိုးသမီး သုံးဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ကွန်ပြူတာမိတ္တူဆိုင် မီးလောင်မှုတွင် အမျိုးသမီး သုံးဦးသေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းနှင့် မြို့ခံများထံမှ သိရသည်။

မီးလောင်မှုမှာ စက်တင်ဘာ ၂၁ ရက် ည ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တပ်ဦးသီတာရပ်ကွက်ရှိ Apple ကွန်ပြူတာမိတ္တူဆိုင်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

" သေဆုံးသွားတာ အမျိုးသမီး သုံးယောက်။ အသက်တွေကတော့ ၂၀ ကျော်လောက်ရှိမယ်" ဟု ကလေးမြို့ခံတစ်ဦးက ပြောကြားသည်။

မီးလောင်မှုနှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသည့် ကလေးမြို့ ပုညကုသလ လူမှုကူညီရေးအသင်းကလည်း မီးလောင်မှုဖြစ်ပွားရာတွင် သေဆုံးခဲ့သည့် အမျိုးသမီး သုံးဦးကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ကရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများနှင့် အတူ ကလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မီးလောင်မှုမှာ နာရီဝက်နီးပါးခန့်ကြာမြင့်ခဲ့ပြီး ကလေးခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မူရင်းသတင်း — Eleven Media Group