Eleven Media Group

■စိုက်ပျိုးသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်ပါက အမေရိကန်ဒေါ်လာ လေးဘီလျံခန့်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအား မြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်အထိ ပိုမိုရရှိနိုင်သည်ကို တွက်ချက်ရရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

■မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားရေရိက္ခာလုံခြုံရေးကို အာမခံနိုင်ရုံသာမက နိုင်ငံ၏ စိုက်ပျိုးရေးအလားအလာကို အသုံးပြုပြီး ဒေသတွင်းနှင့် ကမ္ဘာ့စားရေရိက္ခာဈေးကွက်တွင် အရေးပါသည့် ထုတ်လုပ်သူနှင့် တင်ပို့သူနိုင်ငံအဖြစ်၊ တစ်နည်းအားဖြင့် ကမ္ဘာ့စပါးကျီနိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ဖော်ဆောင်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိဟု ဆို

စိုက်ပျိုးသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်ပါက အမေရိကန်ဒေါ်လာ လေးဘီလျံခန့်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအား မြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်အထိ ပိုမိုရရှိနိုင်သည်ကို တွက်ချက်ရရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား အဖွင့်အမှာစကားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြပြီး ထိုအထဲမှ အလုပ်လုပ်သူများ၏ ၅၀ ရာခိုင်နှုန်းကျော်သည် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲနွမ်းပါးမှုရှိနေသည်ဟု သုံးသပ်ထားကြောင်း၊ ထို့ကြောင့် ကျေးလက်ပြည်သူများ၏ ဝင်ငွေတိုးပွားရေးသည် အရေးကြီးသည်မှာ ပေါ်လွင်နေကြောင်း၊ မိရိုးဖလာ လုပ်ဆောင်နေကြသည့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျ ပြောင်းလဲဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် တန်ဖိုးမြှင့်ထုတ်ကုန်များရရှိအောင် ဆောင်ရွက်နိုင်မှသာ ဝင်ငွေပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲ၏ခေါင်းစဉ်ကို ပြန်ကြည့်မည်ဆိုပါက “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့” ဟူသည့် ရည်မှန်းချက်သည် လယ်ယာကဏ္ဍတစ်ခုတည်းကို ဖွံ့ဖြိုးတိုးတက်စေရန် ပြောကြားခြင်းမဟုတ်ဘဲ လယ်ယာထွက်ကုန်မှ ကုန်ကြမ်း၊ ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်၊ တန်ဖိုးမြှင့်ထုတ်ကုန်မှစက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက်ချိတ်ဆက်ပြီး နိုင်ငံထုတ်ကုန် တိုးတက်လာစေရေးကို ရည်မှန်းသည့် မူဝါဒဦးတည်ချက်တစ်ရပ်လည်းဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ယနေ့ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရာတွင် ကဏ္ဍတစ်ခုချင်းစီကို သီးခြားခွဲပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရုံဖြင့် မလုံလောက်ကြောင်း၊ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ နည်းပညာကဏ္ဍနှင့် ဈေးကွက်ရရှိရေးတို့အကြား အပြန်အလှန်ချိတ်ဆက်မှုကို ခိုင်မာအောင် တည်ဆောက်ပြီး ယခင်တန်ဖိုးထက် ပိုမိုမြင့်မားလာအောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲ၏ အဓိကမေးခွန်းသည် လယ်ယာထွက်ကုန် မည်မျှပိုထွက်အောင်လုပ်မလဲဆိုသည့် မေးခွန်းတစ်ခုတည်းမဟုတ်ဘဲ ထွက်ရှိလာသည့် လယ်ယာထွက်ကုန်များ၏ တန်ဖိုးကို မည်သို့မြှင့်တင်ပြီး နိုင်ငံထုတ်ကုန်အဖြစ် မည်သို့ပြောင်းလဲမည်လဲဆိုသည်ပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်၊
ထို့အတူ မြန်မာနိုင်ငံအတွက် လယ်ယာကဏ္ဍသည် စားရေရိက္ခာဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံအကျဆုံးကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍသည် စားနပ်ရိက္ခာထုတ်လုပ်ပေးသည့် ကဏ္ဍတစ်ခုသာမက စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့်ကုန်ကြမ်းများကို ပံ့ပိုးပေးနိုင်သည့် ကဏ္ဍလည်းဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးထုတ်လုပ်မှုပမာဏ တိုးမြှင့်ရေးအဖြစ်သာ မမြင်သင့်ကြောင်း၊ ထုတ်လုပ်မှု - ကုန်ကြမ်း -ပြုပြင်ထုတ်လုပ်မှု - တန်ဖိုးမြှင့်ထုတ်ကုန် - စက်မှုလုပ်ငန်း - ပြည်တွင်းစားသုံးမှု - ပြည်ပပို့ကုန် ဆိုသည့် တန်ဖိုးကွင်းဆက်တစ်ခုလုံးကို တစ်ဆက်တည်းစဉ်းစားပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မှသာ တောင်သူများ၏ ဝင်ငွေတိုးတက်လာမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်၊ ပြည်တွင်းကုန်ထုတ်လုပ်မှု အားကောင်းလာမည်၊ ပို့ကုန်တိုးတက်လာမည်၊ နောက်ဆုံးတွင် နိုင်ငံထုတ်ကုန်နှင့် နိုင်ငံစီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အလားတူ အလျဉ်းသင့်သဖြင့် မိမိတို့နိုင်ငံ၏ ပထဝီအနေအထားအရ မဟာဗျူဟာမြောက်တည်ရှိနေမှုကိုလည်း တင်ပြလိုကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မဟာဗျူဟာကျ အချက်အချာကျသည့်အပြင် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံကြားတွင် တည်ရှိပြီး ကမ္ဘာ့လူဦးရေထက်ဝက်ခန့်နေထိုင်သည့် Valeriepieris Circle အတွင်းတွင် တည်ရှိခြင်းကြောင့် အနီးအနားနိုင်ငံများ အပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်ကြီးများသို့ လယ်ယာနှင့် မွေးမြူရေးထွက်ကုန်များကို တိုးမြှင့်ထုတ်လုပ်ပြီး တင်ပို့နိုင်မည့် အလားအလာကောင်းများရှိနေကြောင်း၊ အနောက်ဘက်တွင် လူဦးရေ သန်း ၁၄၃၀ ကျော်ခန့်ရှိသည့် အိန္ဒိယ၊ လူဦးရေ ၁၇၃ သန်းခန့်ရှိသည့် ဘင်္ဂလားဒေ့ရှ်၊ အရှေ့ဘက်တွင် လူဦးရေ သန်း ၁၄၁၀ ကျော်ရှိသည့် တရုတ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေကြောင်း၊ ထို့ပြင် ရာသီဥတုနှင့် မြေဆီလွှာကောင်းမွန်မှု၊ ကျယ်ပြန့်သည့် စိုက်ပျိုးမြေများ၊ ရှည်လျားသည့် ကမ်းရိုးတန်းနှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝမှုတို့သည် မိမိတို့နိုင်ငံ၏ အားသာချက်များဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ သဘာဝနှင့် ပထဝီအနေအထားအရ ရရှိထားသည့် အားသာချက်များကို ထိရောက်စွာအသုံးပြုပြီး ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအပြင် အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ထုတ်လုပ်ကာ ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များကို ထိုးဖောက်နိုင်ရေးကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အရေးကြီးသည်မှာ သဘာဝအားသာချက်ရှိခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးလာမည်မဟုတ်ကြောင်း၊ အဆိုပါအားသာချက်ကို ကုန်ထုတ်စွမ်းအား၊ အရည်အသွေး၊ နည်းပညာ၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအဖြစ် ပြောင်းလဲနိုင်မှသာ နိုင်ငံစီးပွားရေးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

လက်ရှိကာလတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်ဘဝအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်းသည် အဓိကအားဖြင့် အကြောင်းအရာနှစ်ခုရှိပါကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားမှုတို့ကြောင့်သာဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် စရိတ်စကများပြားမှုကြောင့်လည်းပါကြောင်း၊ အဆိုပါအခြေအနေကို ကျော်လွှားနိုင်ရန်အတွက် လယ်ယာထုတ်လုပ်မှုပမာဏကို သိသိသာသာမြှင့်တင်ပြီး ပြည်တွင်းစားနပ်ရိက္ခာလုံလောက်စွာရရှိကာ ကုန်ဈေးနှုန်းများကို အများပြည်သူတတ်နိုင်သည့် အဆင့်အတိုင်း လျှော့ချနိုင်ရန်လိုအပ်ကြောင်း၊ ဥပမာအားဖြင့် ဥ၊ အသား၊ ငါး ထုတ်လုပ်မှုသည် စားသုံးမှုအတွက် မပြည့်မီကြောင်း၊ ထိုနေရာတွင် ဗီယက်နမ်နိုင်ငံကို ဥပမာပေးလိုကြောင်း၊ ဗီယက်နမ်နိုင်ငံသည် အကျယ်အဝန်းအားဖြင့် မြန်မာနိုင်ငံ၏ ထက်ဝက်မျှသာရှိပြီး လူဦးရေ ၂ ဆမျှ များကြောင်း၊ နိုင်ငံ၏သဏ္ဌာန်သည် တောင်ကုန်းဒေသများဖြစ်ကြောင်း၊ သို့သော် လယ်ယာကဏ္ဍတွင် ဆန် ပြည်ပတင်ပို့မှုတန်ဖိုး ၈ သန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော်၊ ကော်ဖီတန်ချိန် တစ်သန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဘီလျံကျော်၊ ငရုတ်ကောင်း တန်ချိန် ၀ ဒသမ ၂၄ သန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း လယ်ယာထုတ်ကုန်များတိုးမြှင့်ရန် လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များထဲတွင် လယ်ယာထွက်ကုန်များသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၄၁ ဘီလျံ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၄၃ ဘီလျံ တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ယင်းအပြင် စိုက်ပျိုးသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်ပါက အမေရိကန်ဒေါ်လာ ၄ ဘီလျံခန့်၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအား (Cropping Intensity) မြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်အထိ ပိုမိုရရှိနိုင်သည်ကို တွက်ချက်ရရှိကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍကို သမားရိုးကျထုတ်လုပ်မှုစနစ်မှ ခေတ်မီထိရောက်ပြီး ရေရှည်တည်တံ့သည့် ထုတ်လုပ်မှုစနစ်သို့ ကူးပြောင်းရန်လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုရှိလာသည်နှင့်အမျှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်နှင့် ပြည်သူ့ဝင်ငွေတိုးတက်လာကာ GDP မြင့်မားလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍမြှင့်တင်ရေးသည် နိုင်ငံစီးပွားရေးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အရေးကြီးသည့် ပထမခြေလှမ်းလည်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးအကျိုးအမြတ်တစ်ခုတည်းကို မကြည့်ဘဲ စားရေရိက္ခာလုံခြုံရေးကိုလည်း အခြေခံမူဝါဒတစ်ရပ်အဖြစ် ထားရှိရန်လိုကြောင်း၊ လက်ရှိကမ္ဘာ့လူဦးရေသည် ၈ ဘီလျံခန့်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် ၁၀ ဘီလျံအထိ တိုးလာနိုင်ခြင်းကြောင့် အနာဂတ်တွင် စားရေရိက္ခာလိုအပ်ချက် ပိုမိုမြင့်မားလာမည်မှာ အသေအချာပင်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုများ၊ ဒေသတွင်းပဋိပက္ခများ၊ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်မှု၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ကမ္ဘာ့စားရေရိက္ခာလုံခြုံရေးနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများ ပိုမိုကြီးမားလာနိုင်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားရေရိက္ခာလုံခြုံရေးကို အာမခံနိုင်ရုံသာမက မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးအလားအလာကို အသုံးပြုပြီး ဒေသတွင်းနှင့် ကမ္ဘာ့စားရေရိက္ခာဈေးကွက်တွင် အရေးပါသည့် ထုတ်လုပ်သူနှင့် တင်ပို့သူနိုင်ငံအဖြစ်၊ တစ်နည်းအားဖြင့် ကမ္ဘာ့စပါးကျီနိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ဖော်ဆောင်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ဆန်စပါးကဏ္ဍတွင် ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့်အတူ အရည်အသွေးကောင်းမွန်သည့် ဆန်များထုတ်လုပ်ပြီး ပိုလျှံထွက်ရှိမှုကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်သွားကြရမည်၊ မြန်မာ့ပေါ်ဆန်း တစ်ခေတ် ဆန်းရမည်ဆိုသည့်ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အထွက်နှုန်းသာမက အရည်အသွေး၊ စံချိန်စံညွှန်း၊ သိုလှောင်မှု၊ ကြိတ်ခွဲမှု၊ ထုပ်ပိုးမှုနှင့် ဈေးကွက်ချိတ်ဆက်မှုအထိ တစ်ဆက်တည်း မြှင့်တင်ရမည်၊ အရောင်အဆင်း၊ အနံ့၊ အရသာသည် ဈေးကွက်တွင် လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်သည့် သီးနှံသည် အရောင်အဆင်းလှမည်၊ အနံ့အရသာနှင့် ပြည့်စုံမည်ဆိုပါက ဝယ်ယူသူအကြိုက်ဖြစ်သဖြင့် ရောင်းအားတက်လာမည်ဖြစ်ကြောင်း၊ အလားတူစွာပင် ပို့ကုန်ဈေးကွက်တွင်လည်း ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်ဆိုသည့် ဈေးကွက်ယှဉ်ပြိုင်ရေး အခြေခံသဘောတရားကို လက်တွေ့ကျင့်သုံးနိုင်ရန်လိုကြောင်း၊ ထုတ်လုပ်သူ၊ ရောင်းချသူများသည် လူသဘာဝအရ အကျိုးအမြတ်ရယူလိုကြောင်း၊ အမြတ်များများရရှိရေးထက် အမြတ်နည်းနည်းဖြင့် ပစ္စည်းများများ ရောင်းချနိုင်ရေးကို အထက်ကဆိုခဲ့သည့် အခြေခံသဘောတရားနှင့် ဆောင်ရွက်စေလိုကြောင်း၊ တရုတ်နိုင်ငံသည် အဆိုပါနည်းဖြင့် တိုင်းပြည်ကို ဓနဥစ္စာကြွယ်ဝအောင် စတင်လုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group