Eleven Media Group

■ အီတလီစာသင်ကျောင်းများတွင် ဘူရ်ကာဝတ်ဆင်ခြင်းကို တားမြစ်မည်ဟု ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီ ပြောကြား

အီတလီက ကျောင်းများတွင် ဘူရ်ကာ (burqas) နှင့် နိကားဗ် (niqabs) တို့ကို တားမြစ်မည်ဖြစ်ပြီး အတန်းတစ်တန်း၌ ပြည်ပကျောင်းသားအရေအတွက်ကို ကန့်သတ်မည်ဟု လက်ယာစွန်း ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အီတလီနိုင်ငံသည် ရွှေ့ပြောင်းအခြေချသူများအတွက် ရှေ့တန်းမျက်နှာစာနိုင်ငံဖြစ်ပြီး လာမည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ၎င်းတို့ကို လူ့အဖွဲ့အစည်းနှင့် ပေါင်းစည်းရေးသည် အဓိကမဲဆွယ်စည်းရုံးရာ အကြောင်းအရာဖြစ်သည်။

အတန်းတစ်တန်း၌ ပြည်ပကျောင်းသား အများဆုံးအ‌ရေအတွက်ကို ဥပဒေအရ သတ်မှတ်ရန် အစိုးရအဖွဲ့ အစည်းအဝေးသို့ မကြာမီတင်ပြသွားမည်ဟု ဝန်ကြီးချုပ် မယ်လိုနီက သူ၏ Brother of Italy (FdI) ပါတီ လူငယ်အဖွဲ့ခွဲ၏အစည်းအဝေးတွင် ပြောကြားခဲ့သည်။

"ဒါ့အပြင် စာသင်ကျောင်းစနစ်ထဲ ပေါင်းစည်းဖို့ ကြီးကြီးမားမားအခက်အခဲ‌တွေကို ရင်ဆိုင်‌‌နေရတဲ့ ပြည်ပကျောင်းသားတွေရဲ့ မိဘတွေ အီတလီဘာသာစကား သင်ယူဖို့ လိုအပ်ပါတယ်။ စာသင်ကျောင်းတွေမှာ ဘူရ်ကာနဲ့ နိကားဗ်တို့ကိုလည်း ပိတ်ပင်မှာဖြစ်ပါတယ်"ဟု မယ်လိုနီက ပြောကြားခဲ့သည်။

ကျောင်းများတွင် ဘူရ်ကာဝတ်ဆင်မှုကို အရေးယူဆောင်ရွက်ရန် လွန်ခဲ့သည့် ဇူလိုင်တွင် National Future (FN) ပါတီက တောင်းဆိုခဲ့သည်။

အစိုးရညွန့်ပေါင်းအဖွဲ့တွင် ပါဝင်ခြင်းမရှိသည့် FN ပါတီသည် မယ်လိုနီ၏ ပါတီထက် လက်ယာပိုယိမ်းသည့် ပါတီဖြစ်ပြီး လွန်ခဲ့သည့်ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း လူထုသဘောထားစစ်တမ်းများတွင် ထောက်ခံမှု အလျင်အမြန် မြင့်တက်လာကာ အဓိကစိန်ခေါ်‌သော ပါတီဖြစ်လာခဲ့သည်။

အီတလီတွင် စာသင်ကျောင်းများ၌ဖြစ်စေ၊ အများပြည်သူဆိုင်ရာနေရာများ၌ဖြစ်စေ ဘူရ်ကာဝတ်ဆင်ခြင်းကို တိုက်ရိုက်ပိတ်ပင်ထားသည့် ဥပဒေမရှိသော်လည်း ၁၉၇၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ဥပဒေတွင် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရခက်ခဲစေသည့် ဆိုင်ကယ်စီးဦးထုပ် သို့မဟုတ် အဝတ်အထည် ဝတ်ဆင်ခြင်းကို တားမြစ်ထားသည်။

၂၀၀၈ ခုနှစ်တွင် အီတလီနိုင်ငံ၏ အမြင့်ဆုံးအုပ်ချုပ်ရေးတရားရုံးက မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်လိုအပ်သည့်အခါ မျက်နှာဖော်ပြ‌ပေးလျှင် ဘာသာရေး သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာအကြောင်း ပြချက်များဖြင့် မျက်နှာအပြည့်ဖုံးသည့် ခေါင်းခြုံဝတ်နိုင်သည်ဟု ရှင်းလင်းဖော်ပြခဲ့သည်။

Re: AFP

မူရင်းသတင်း — Eleven Media Group