
စမ်းချောင်းမြို့နယ်တွင် အုပ်စုဖွဲ့ကာ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် လူငယ်တစ်စုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ဗားကရာလမ်း၊ စမ်းချောင်းလင့် မုန့်စျေးတန်းတွင် ကျောင်းသားနှစ်ဦးကို လူငယ်တစ်စုက ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်တွင် ပါဝင်ခဲ့သည့် လူငယ်များမှာ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။
ကျူးလွန်ခဲ့ရသည့် ကျောင်းသားနှစ်ဦးအနက် အာကာကျော်ဆိုသူက ၎င်းနှင့်သိကျွမ်းသည့် ရွှေရည်ဝတီ(ခ)သဒ္ဒါအား တယ်လီဂရမ်မှတစ်ဆင့် နောက်ပြောင်ရာမှာ ရွှေရည်ဝတီ၏ ရည်းစားဖြစ်သူ သူရိန်ထွန်းဆိုသူက မကျေနပ်ခဲ့ကြောင်း၊ ယင်းကြောင့် အခင်းဖြစ်နေရာသို့ ချိန်းဆိုကာ အုပ်စုလိုက် ဓားဖြင့်ထိုးခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ကျောက်ခဲဖြင့် ထုခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာမှ CCTV မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးပြီး ကျူးလွန်သူများဖြစ်သည့် ရွှေရည်ဝတီ (ခ) သဒ္ဒါ (၁၈ နှစ်)၊ သူရိန်ထွန်း (၁၈ နှစ်)၊ ဇင်ကို (၁၈ နှစ်)၊ နိုင်မင်းခန့် (၁၇ နှစ်)၊ အောင်အောင်ဦး (၂၁ နှစ်)၊ အောင်မြတ်သူ (၁၄ နှစ်)၊ မင်းထက်ကျော် (၁၇ နှစ်)၊ ပြည့်စုံအောင် (၁၆ နှစ်)တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူများထဲမှ အသေးလေးဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။
ကျူးလွန်ခံရသည့် လူငယ်နှစ်ဦးအနက်တစ်ဦးမှာ ဆေးရုံတွင် ကုသမှုခံယူနေရပြီး ကျန်တစ်ဦးမှာ ဆေးရုံက ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
" တချို့ အသက်မပြည့်တဲ့ကလေးတွေကျတော့ဘကလေးသူငယ်တရားရုံးမှာ အမှုရင်ဆိုင်ရမှာပါ။ အသက်ပြည့်တဲ့သူတွေကျတော့ တရားရုံးမှာ အမှုရင်ဆိုင်ရမှာပေါ့။ ဒဏ်ရာရတဲ့ကလေးတစ်ယောက်ကတော့ ဆေးရုံမှာ ရှိပါသေးတယ်" ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ကျောင်းသားနှစ်ဦးကို အုပ်စုဖွဲ့ထိုးကြိတ်၊ ဓားဖြင့်ထိုး၊ ကျောက်ခဲဖြင့်ထုသည့် ဖမ်းဆီးရမိသူများကိုစမ်းချောင်းမြို့နယ်ရဲစခန်းက (ပ) ၃၈၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ၂၉၄၊ ၃၂၃၊ ၃၂၄၊၅၀၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူပေးရန် တောင်းဆိုမှုများရှိခဲ့သည်။