Eleven Media Group

■ အမေရိကန်က ဂရင်းလန်းကျွန်းတွင် စစ်အခြေစိုက်စခန်းသစ်နှစ်ခုဖွင့်ရန် စီစဉ်နေ

အမေရိကန်ပြည်ထောင်စုက ဂရင်းလန်းကျွန်း၏ တောင်ပိုင်းတွင် စစ်အေးခေတ်က အသုံးပြုခဲ့ဖူးသည့် စစ်အခြေစိုက်စခန်းတစ်ခုကို ပြန်လည်ဖွင့်လှစ်ရန်နှင့် အရှေ့ဘက်ကမ်းရိုးတန်းတွင် နောက်ထပ်စစ်စခန်းတစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူသုံးဦး၏ ပြောကြားချက်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြထားသည်။

ယင်းအစီအစဉ်သည် အမေရိကန်၊ ဒိန်းမတ်နှင့် ဂရင်းလန်းတို့အကြား လုံခြုံရေးဆိုင်ရာ သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အဆိုပါသဘောတူညီချက်ကို စက်တင်ဘာ ၂၂ ရက်တွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။

အိမ်ဖြူတော်က သဘောတူညီချက်အသေးစိတ်ကို ထုတ်ဖော်ရန် ငြင်းဆိုထားပြီး ဂရင်းလန်းနှင့် အမေရိကန်တို့၏ လုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်သည့် သဘောတူညီချက်ဟု ယခင်က ပြောဖူးသည်။

ဒိန်းမတ်ဘက်က အာတိတ်ဒေသ လုံခြုံရေးကို အမေရိကန်နှင့် ဒိန်းမတ်နှစ်နိုင်ငံတည်းက တာဝန်ယူခြင်းမဟုတ်ဘဲ NATO ၏ မူဘောင်အောက်တွင် ပူးပေါင်းတာဝန်ယူသွားမည်ဟု ဆိုသည်။

ဂရင်းလန်းကျွန်းကို အမေရိကန်က ထိန်းချုပ်သင့်ကြောင်း ဒေါ်နယ်ထရန့်က အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးနောက် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ ထရန့်၏မှတ်ချက်များကြောင့် NATO အဖွဲ့အတွင်း သံတမန်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒိန်းမတ်နှင့် ဂရင်းလန်းတို့က အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်။

စစ်အေးခေတ်ကာလတွင် အမေရိကန်က ဂရင်းလန်း၌ စစ်အခြေစိုက်စခန်းနှင့် တပ်စခန်း စုစုပေါင်း ၁၇ ခုအထိ ထားရှိခဲ့ပြီး တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော် ရှိခဲ့သည်။ ယခုမူ အမေရိကန်၏ Pituffik Space Base (ဂရင်းလန်းမြောက်ပိုင်းရှိ အမေရိကန်စစ်တပ်၏ အရေးပါသော အာကာသစောင့်ကြည့်ရေးနှင့် ဒုံးကျည်သတိပေးရေး အခြေစိုက်စခန်း) တစ်ခုသာ ကျန်တော့ပြီး စစ်ဘက်ဝန်ထမ်း ၁၅၀ ခန့် တပ်စွဲထားသည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group