
တိုက်ပွဲများကြောင့် နှစ်နှစ်နီးပါးရပ်နားထားသည့် ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာများအား စက်တင်ဘာ ၂၁ ရက်တွင် ပြန်လည်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တိုက်ပွဲများ ၂၀၂၄ ခုနှစ် နိုဝင်ဘာတွင် ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်လုပ်ငန်းများ ယာယီရပ်နားထားခဲ့ရပြီး ၂၀၂၆ ခုနှစ် ဧပြီတွင် ဖလမ်းမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်၍ ဇူလိုင် ၆ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်အား ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပေးနေရာ စက်တင်ဘာ ၂၁ ရက်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင်လစာများကို ပထမဆုံးအကြိမ် ပြန်လည်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးလျက်ရှိရာ မြို့ပြပင်စင်၊ နိုင်ငံရေးပင်စင်၊ ကာကွယ်ရေးပင်စင်၊ ရဲပင်စင်နှင့် ဘဏ်ပင်စင်များအားလုံးကို ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြီး ပင်စင်မထုတ်ယူခဲ့သူများအနေဖြင့် ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်၍ ပင်စင်ထုတ်ယူခွင့် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ဖလမ်းမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ပင်စင်ထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းများအနေဖြင့် လစဉ် ၁ ရက်မှ ၁၈ ရက်အတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်၊ ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များသည် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဆူရ်ဘုန်လေဆိပ်သို့ သွားရောက်၍ လေဆိပ်ပင်မအဆောက်အအုံ၊ လေကြောင်းထိန်းမျှော်စင်၊ လေဆိပ်ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ စက်ပစ္စည်းများ ပျောက်ဆုံးပျက်စီးမှုအခြေအနေ၊ လေယာဉ်ပြေးလမ်းအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပညာသိပ္ပံဌာနမှူး ဦးသန်းမြင့်ကျော်က ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ပြုပြင်၊ ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆူရ်ဘုန်လေဆိပ်သည် ချင်းပြည်နယ်၏ ပထမဆုံး လေကြောင်းဝင်ပေါက်အဖြစ် ငွေကျပ် ၄၃ ဒသမ ၇၉ ဘီလျံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၇ ရက်တွင် ပထမဆုံးအဖြစ် ATR 72 လေယာဉ် စမ်းသပ်ဆင်းသက်ခဲ့ပြီး ယခုအခါ တိုက်ပွဲများကြောင့် လေယာဉ်အဆောက်အအုံများ တစ်စိတ်တစ်ပိုင်းပျက်စီးပြီး စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဒုတိယဝန်ကြီးများ ဦးဆောင်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့် ကော်မတီဝင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။