Eleven Media Group

■ ပြင်ဦးလွင်မြို့ သုမင်္ဂလာစျေး ခြောက်ထပ်ပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွား

ပြင်ဦးလွင်မြို့ သုမင်္ဂလာစျေး ခြောက်ထပ်ပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးမှု (ယနေ့) စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပြုတ်ကျသေဆုံးသူမှာ စျေးကြီး ၆ ထပ်ရှိ GOGO PARK ကစားကွင်း ဝန်ထမ်း မစန္ဒီပြည့်စုံကျော် အသက် ၂၅ နှစ်ဖြစ်ပြီး အကြောင်းအရင်းကို စိစစ်နေဆဲဖြစ်ကြောင်း ပြင်ဦးလွင်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည် ။

"ဖြစ်တာက မနက် ၉ နာရီလောက်ကဖြစ်သွားတာ ။ ဝတ်ထားတဲ့ ယူနီဖောင်းကတော့ Go Go Park က ဝန်ထမ်းဝတ်စုံပဲ ။ Go Go Park ကစားကွင်းက စျေးကြီး ၆ ထပ်မှာရှိတာ ။ အဲ့ဒီ ၆ ထပ်ပေါ် ကနေ ကျတာလို့ ပြောကြတာပဲ ။ ပြုတ်ကျတဲ့နေရာက စျေးကြီးဘေး မြေကွက်အလွတ်ထဲ ကျတာမို့ သိပ်မသိလိုက်ကြဘူး " ဟု သုမင်္ဂလာစျေး အတွင်းရှိ ဆိုင်ခန်း ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည် ။

" သမီးရည်းစား အဆင်မပြေလို့ ခုန်ချသွားတာလို့လည်း ပြောနေကြတာ ။ ဘာမှ သဲသဲကွဲကွဲ မသိရသေးဘူး " ဟု အဆိုပါဖြစ်စဉ်သို့ သွားရောက်ကူညီဆောင်ရွက်ခဲ့သည့် သန္တိသုခလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့မရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည် ။


#ပြုတ်ကျသေဆုံးမှု #ပြင်ဦးလွင်မြို့ #elevennews

မူရင်းသတင်း — Eleven Media Group