Eleven Media Group

■ အိမ်ဖြူတော်ဝင်ခွင့် ပိတ်ပင်ခံရသည့် CNN ၊ MS NOW နှင့် Politico တို့က ထရန့်အစိုးရကို တရားစွဲ

အမေရိကန်သတင်းမီဒီယာများဖြစ်သည့် CNN ၊ MS NOW နှင့် Politico တို့က အိမ်ဖြူတော်သို့ ဝင်ရောက်သတင်းယူခွင့် ပိတ်ပင်ခံရပြီးနောက် စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်နယ်ထရန့်အစိုးရကို တရားစွဲဆိုလိုက်သည်။

အဆိုပါသတင်းမီဒီယာများက ၎င်းတို့ဖော်ပြသည့် သတင်းအကြောင်းအရာများအပေါ် အခြေခံ၍ ပိတ်ပင်ခံရခြင်းဖြစ်ပြီး အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပထမပြင်ဆင်ချက်ပါ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။

ထရန့်ဘက်ကလည်း သတင်းမီဒီယာလွတ်လပ်ခွင့်ကို မိမိအနေဖြင့် တန်ဖိုးထားသော်လည်း သတင်းအတုမျာကို လက်မခံကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ CNN၊ MS NOW နှင့် Politico တို့သည် အစိုးရအဖွဲ့နှင့် ပတ်သက်၍ မဟုတ်မမှန်ရေးသားနေကြသည်ဟု ဆိုကာ ၎င်းတို့ကို အိမ်ဖြူတော်ဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း စက်တင်ဘာ ၁၈ ရက်က ကြေညာခဲ့သည်။

တရားစွဲမှုနှင့်ပတ်သက်၍ ထရန့်က ၎င်းမီဒီယာများသည် အဆင့်နိမ့် လူရွှင်တော်များ၊ အကျင့်ပျက်သတင်းမီဒီယာများဖြစ်ကာ ၎င်း၏ အောင်မြင်မှုများကို အရေးမပါသည့်သဖွယ် အထင်အမြင်သေးအောင် ဖော်ပြနေကြသည်ဟု တုံ့ပြန်ထားသည်။ အစိုးရအဖွဲ့က တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်မည်မှာ သေချာသလောက်ဖြစ်ကြောင်းလည်း ထရန့်ကပြောသည်။

CNN သည် အိမ်ဖြူတော်သတင်းထောက်အဖွဲ့တွင် တိုက်ရိုက်ရုပ်သံထုတ်လွှင့်ခွင့် ရရှိထားသည့် သတင်းဌာန ငါးခုအနက် တစ်ခုဖြစ်သည်။ ထရန့် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်မည့် ခရီးစဉ်ကို CNN က စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် သတင်းယူရန် စီစဉ်ထားသော်လည်း လက်ရှိတွင် ၎င်းနေရာကို ချန်လှပ်ထားကာ ရှေးရိုးစွဲဝါဒီ ရုပ်သံဌာန Real America's Voice ကို ထရန့်၏ နယူးယောက်ခရီးစဉ်အတွက် အရန်သတင်းအဖွဲ့အဖြစ် သတ်မှတ်ထားသည်။

ထရန့်အစိုးရသည် New York Times ၊ Wall Street Journal နှင့် BBC အပါအဝင် သတင်းမီဒီယာအချို့ကို တရားစွဲဆိုမှုများ ပြုလုပ်ထားသည်။ အချို့သတင်းမီဒီယာများက ဒေါ်လာသန်းပေါင်းများစွာ ပေးဆောင်၍ အမှုပြေလည်အောင် ဖြေရှင်းခဲ့ကြပြီး BBC ကို တရားစွဲဆိုထားမှုက ယခုထိရှိနေဆဲဖြစ်သည်။

Ref: BBC
Photo: CNN / AP

မူရင်းသတင်း — Eleven Media Group