Myanmar National Post

ဂျပန်မှာ မြေပြိုနိုင်တဲ့ အန္တရာယ်အတွက် ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထား


စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ ) 

ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က တိုင်ဖွန်းမုန်တိုင်း ဒူဂျန် ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ တိုကျိုမြိုရဲ့ အီဇူးကျွန်းစု  မှာရှိတဲ့ အိုရှီးမားမြို့အတွက် အဆင့် (၅) အရေးပေါ် မြေပြိုမှုသတိပေးချက် ကို ထုတ်ပြန်လိုက်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အဆင့် (၅) ဆင့်ပါ သတိပေးချက်စနစ်မှာ အဆင့် (၅) ဆိုတာ အမြင့်ဆုံး သတိပေးချက် အဆင့် ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်အရ ဒီအဆင့်က မြေပြိုမှုတွေ အလွန်တရာ အလားအလာ များနေပြီဆိုတာကို ညွှန်ပြနေတာပါ။ ဒါကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အသက်အန္တရာယ် ကာကွယ်ဖိုအတွက် ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်ကြဖို အေဂျင်စီက တိုက်တွန်းထားပါတယ်။

တာဝန်ရှိသူတွေကလည်း ဒေသခံတွေကို ပိုမိုလုံခြုံတဲ့နေရာတွေဆီ ရွှေ့ပြောင်းကြဖို တိုက်တွန်းထားပါတယ်။ သတ်မှတ်ထားတဲ့ ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေဆီ သွားရောက်ဖို့က အလွန်အမင်း အန္တရာယ်များတယ်ဆိုရင်တော့ ကမ်းပါးတွေနဲ့ ရေစီးကြောင်းတွေနဲ့ တတ်နိုင်သမျှ ဝေးရာကို ရှောင်ရှားကြဖို့ သို့မဟုတ် အဆောက်အအုံတစ်ခုရဲ့ အထပ်မြင့်တွေပေါ်မှာ ခိုလှုံကြဖို့ အကြံပြုထားပါတယ်။

မုန်တိုင်း မရောက်လာခင်ကတည်းက ဂျပန်မိုးလေဝသအေဂျင်စီက “တိုင်ဖွန်းမုန်တိုင်း အမှတ် (၂၅)” လို့ သတ်မှတ်ထားတဲ့ ဒူဂျန် မုန်တိုင်းဟာ အီဇူးကျွန်းစုတွေ အပါအဝင် တိုခိုင်းနဲ့ ကန်တိုဒေသတွေရဲ့ ပစိဖိတ်သမုဒ္ဒရာဘက်ခြမ်း ဒေသတွေကို ဦးတည် ချဉ်းကပ်လာနေကြောင်း ကြိုတင် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလ ၂၀ ရက်ကနေ ၂၂ ရက်နေ့အထိ တိုခိုင်းကနေ တိုဟိုကူဒေသအထိ ပစိဖိတ်ကမ်းရိုးတန်း တစ်လျှောက်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဂျပန်နိုင်ငံ အရှေ့ပိုင်းနဲ့ တိုဟိုကူဒေသရဲ့ ပစိဖိတ်ဘက်ခြမ်း ဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ မြစ်ရေလျှံတက်လာခြင်းတို့အတွက် အမြဲတမ်း သတိဝီရိယရှိရှိနဲ့ စောင့်ကြည့်နေကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။


REF: The Nation

#News #Myanmar

မူရင်းသတင်း — Myanmar National Post