Myanmar National Post

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့တက်ရောက်




ရန်ကုန်၊ စက်တင်ဘာ ၂၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်သည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဦးသန်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယသမ္မတနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ခင်းကျင်းပြသထားသည့် မြန်မာ-တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေသည့် အိမ်နီးချင်းကောင်း မိတ်ဆွေနိုင်ငံများ ဖြစ်ကြကြောင်း၊ ခေတ်အဆက်ဆက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နှင့်အညီ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် စစ်မှန်သည့် အိမ်နီးချင်းကောင်းပီသမှုတို့ကိုအခြေခံပြီး နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံမှုကို ပိုမိုတိုးတက်ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံအကြား “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး လိုအပ်ချိန်တိုင်းတွင် အပြန်အလှန်ကူညီပံ့ပိုးရပ်တည်ပေးနေသည့် နိုင်ငံများလည်းဖြစ်ကြကြောင်း။

ထို့ပြင် ကဏ္ဍအသီးသီးတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး အပြန်အလှန်နားလည်မှုကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား မဟာဗျူဟာကျသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်တွင်ရှိသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ခဲ့ကြောင်း၊ လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုသာမက ယဉ်ကျေးမှုနှင့် ပညာရေး အစရှိသည့် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် ဆက်လက်ပံ့ပိုးကူညီပေးနေမှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာစင်မြင့်များတွင် အထူးသဖြင့် အာဆီယံနှင့်ကုလသမဂ္ဂတို့တွင် မြန်မာနိုင်ငံဘက်မှ အပြုသဘောထောက်ခံကူညီပေးနေမှုများအတွက်လည်း များစွာတန်ဖိုးထားပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သာယာဝပြောပါစေကြောင်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုထာဝရ တည်တံ့ပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် တရုတ်နိုင်ငံသံအမတ်ကြီးတို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကိုအတူတကွ သုံးဆောင်သည်။ ညစာသုံးဆောင်နေစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ အနုပညာအဖွဲ့နှင့် သံရုံးမှဝန်ထမ်းများက ရိုးရာယဉ်ကျေးမှု အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post