Eleven Media Group

■ တောင်ငူတွင် လူမှုကွန်ရက်မှတစ်ဆင့် လိုင်စင်မဲ့မော်တော်ယာဉ် ရောင်းဝယ်သူတစ်ဦး ထပ်မံဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်နေသူတစ်ဦးအား စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ "Ye Naing Win" အမည်ရှိ Facebook Account ပိုင်ရှင် ကိုရဲနိုင်ဝင်းက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံစုံစမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် စက်တင်ဘာ ၁၉ ရက် ညနေ ၄ နာရီဝန်းကျင်တွင် တောင်ငူမြို့ ကေတုမတီမြို့သစ် တပင်ရွှေထီးရပ်ကွက် ဘုရားလမ်းရှိ ကိုရဲနိုင်ဝင်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ MDY-7/9I-6161 Honda Fit (ငွေမျှင်ရောင်) လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ကိုရဲနိုင်ဝင်းအား တောင်ငူမြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်ကလည်း တောင်ငူမြို့တွင် "Michael Sun" အမည်ရှိ Facebook Account ပိုင်ရှင် ကိုထွန်း (ခ) ထွန်းထွန်းဝင်းအား လူမှုကွန်ရက်မှတစ်ဆင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကိုထွန်း (ခ) ထွန်းထွန်းဝင်းအား အမှတ်(၁၅) ရပ်ကွက်၊ ဈေးလမ်းရှိ KBZ ဘဏ်သို့ ရောက်ရှိနေစဉ် YGN-7/2K-4917 CROWN အဖြူရောင် မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် တောင်ငူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တောင်ငူမြို့နယ်တွင် ယခု စက်တင်ဘာလအတွင်း၌ အွန်လိုင်းမှတစ်ဆင့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ် ရောင်ဝယ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးမှု နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group