
တရုတ်ကွန်မြူနစ်ပါတီက သမ္မတရှီကျင်းပင်လက်ထက် စစ်တပ်အတွင်း အဆင့် ၂ အရာရှိအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရသည့် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌဟောင်း ကျန်းယို့ရှာကို အကျင့်ပျက်ခြစားမှု၊ အဖွဲ့ခွဲ ဖွဲ့စည်းမှုနှင့် နိုင်ငံရေးစည်းကမ်း ဖောက်ဖျက်မှုများတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ပါတီနှင့် စစ်တပ်နှစ်ရပ်စလုံးမှ တရားဝင် ထုတ်ပယ်လိုက်သည်။
တရုတ်စစ်ရေးသတင်းများနှင့် နီးစပ်သည့် ပေကျင်းသတင်းရင်းမြစ်များ၏ စက်တင်ဘာ ၂၂ ရက် အဆိုအရ ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုသည် ရှေ့တစ်ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌဟောင်း ကျန်းယို့ရှာနှင့် ဗဟိုစစ်ကော်မရှင် ပူးတွဲစစ်ဦးစီးဌာန အကြီးအကဲဟောင်း လျိုကျန်လိတို့အပေါ် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူရန်တင်ပြထားသည့် အစီရင်ခံစာကို ပြန်လည်သုံးသပ်ပြီး အတည်ပြုခဲ့သည်။
စုံစမ်းစစ်ဆေးမှုအရ ၎င်းတို့နှစ်ဦးသည် မိမိတို့၏ မူလရည်မှန်းချက်နှင့် တာဝန်ကို ဖောက်ဖျက်ခဲ့ကြပြီး ပါတီကိုဆန့်ကျင်သည့် လုပ်ရပ်များ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။ ၎င်းတို့သည် ပါတီ၏အခြေခံမူများကို စွန့်လွှတ်ကာ တားမြစ်ထားသည့် စည်းမျဉ်းများကို ကျော်လွန်ခဲ့ကြသည်ဟု ပေါ်လစ်ဗျူရိုက ထုတ်ပြန်ခဲ့သည်။
ပေါ်လစ်ဗျူရို၏ ထုတ်ပြန်ချက်တွင် ၎င်းတို့နှစ်ဦးသည် မိမိတို့၏ ရာထူးအာဏာကို အသုံးချကာ အခြားသူများအား ရာထူးတိုးပေးခြင်းအပါအဝင် အကျိုးအမြတ်များ ရရှိစေရန် ကူညီပေးခဲ့ကြောင်း၊ ငွေကြေးနှင့်လက်ဆောင် အမြောက်အမြား လက်ခံခဲ့ကြောင်း၊ ၎င်းတို့ပတ်ဝန်းကျင်ရှိ မိသားစုဝင်များနှင့် ဝန်ထမ်းများကို သင့်လျော်သည့် ကြီးကြပ်ထိန်းကျောင်းမှု၊ ပညာပေးမှုများ မရှိခဲ့ကြောင်း စွပ်စွဲထားသည်။
၎င်းတို့၏အမှုများကိုလည်း စစ်ဘက်အစိုးရရှေ့နေများထံ လွှဲပြောင်းပေးထားသဖြင့် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုများ ပြုလုပ်နိုင်ရန် လမ်းဖွင့်ပေးလိုက်ကာ ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်ခံရနိုင်သည့် အခြေအနေ ဖြစ်လာခဲ့သည်။
သမ္မတရှီကျင်းပင်၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအတွင်း တရုတ်စစ်တပ် အဆင့်မြင့်အရာရှိများကို ဆက်တိုက် ဖယ်ရှားအရေးယူမှုများ ပြုလုပ်လာခဲ့သည်။ ယခင်ကာကွယ်ရေးဝန်ကြီး လီရှန့်ဖူကိုလည်း ၂၀၂၃ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခဲ့သည်။ ယင်းသို့ အရေးယူမှုများကြောင့် အဖွဲ့ဝင် ခုနစ်ဦးပါသည့် ဗဟိုစစ်ကော်မရှင်တွင် လက်ရှိ ရှီကျင်းပင်နှင့် ဒုတိယဥက္ကဋ္ဌ ကျန်းရှန့်မင်တို့သာ ကျန်တော့သည်။
ဗဟိုစစ်ကော်မရှင်သည် အဖွဲ့ဝင်အများအပြား မရှိတော့သည့် အခြေအနေသို့ ရောက်နေပြီး စစ်ဘက်ခေါင်းဆောင်ပိုင်း၏ အာဏာသည် သမ္မတရှီကျင်းပင်အပေါ် ပိုမိုကျရောက်လာခဲ့သည်။