Eleven Media Group

■ တူရကီရှိ အထက်တန်းကျောင်းတစ်ခုအနီး ပစ်ခတ်မှုဖြစ်ပွားရာ ၁၁ ဦးထက်မနည်း ဒဏ်ရာရ

တူရကီနိုင်ငံ အနောက်ပိုင်းရှိ အထက်တန်းကျောင်းတစ်ခုအနီးတွင် စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၅ နှစ်အရွယ် သေနတ်သမားကို ဖမ်းဆီးထားကြောင်း သိရသည်။

ဒဏ်ရာရသူများအနက် နှစ်ဦးက အခြေအနေစိုးရိမ်ရသည်။ မန်နီဆာပြည်နယ်၊ တာဂူတလူခရိုင်ရှိ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာအထက်တန်းကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်သူက အဆိုပါကျောင်းမှ ကျောင်းသားတစ်ဦးပင် ဖြစ်သည်။

၎င်းက အဘွားအိမ်မှယူလာသည့် အမဲလိုက်ရိုင်ဖယ်ကို ကိုင်ဆောင်ကာ ကျောင်းအနီးသို့ရောက်လာပြီး အကြောင်းမဲ့ ပစ်ခတ်ပြီးနောက် ထွက်ပြေးရန် ကြိုးစားခဲ့သည်။ ပစ်ခတ်သည့် အကြောင်းရင်းကို မသိရသေးပေ။ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် အစိုးရရှေ့နေချုပ်နှစ်ဦးကို တာဝန်ပေးထားပြီး သေနတ်သမားက ကျောင်းတွင် ဗိုလ်ကျခံခဲ့ရသည်ဆိုသည့် ပြောဆိုချက်များကိုလည်း စုံစမ်းစစ်ဆေးနေသည်။

ပစ်ခတ်သူ၏ မိဘများနှင့် သေနတ်ပိုင်ရှင်ဖြစ်သည့် အဘိုးဖြစ်သူကို ထိန်းသိမ်းထားသည်။ ပစ်ခတ်မှုသတင်းကြောင့် ကျောင်းသို့ အပြေးအလွှားရောက်လာသည့် ကျောင်းသားမိဘများနှင့် ဝင်ရောက်ခွင့် ပိတ်ဆို့ထားသည့် ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်များလည်း ဖြစ်ပွားခဲ့သည်။

ဧပြီလအတွင်းက တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ အထက်တန်းကျောင်းတွင် ကျောင်းသားဟောင်းတစ်ဦးက ပစ်ခတ်သဖြင့် ကျောင်းသားအများစုအပါအဝင် ၁၆ ဦး ဒဏ်ရာရခဲ့သည်။ နောက်တစ်နေ့တွင် အခြားပြည်နယ်ရှိကျောင်းတစ်ခု၌ အသက် ၁၄ နှစ်အရွယ် ကျောင်းသားက ပစ်ခတ်ရာ ကျောင်းသားရှစ်ဦးနှင့် ဆရာတစ်ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့သည်။

Photo: X / AFP-Yonhap

မူရင်းသတင်း — Eleven Media Group