
တရုတ်သမ္မတ ရှီကျင်းပင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို့ နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၂၃ ရက်တွင် ထရန့်က သမ္မတရှီကျင်းပင်နှင့် သမ္မတကတော် ဖုန်းလိယွမ်တို့ကို မေရီလန်းပြည်နယ်ရှိ Joint Base Andrews လေတပ်စခန်းတွင် ကိုယ်တိုင်သွားရောက်ကြိုဆိုမည်ဖြစ်သည်။ ပြည်ပခေါင်းဆောင်တစ်ဦးကို အမေရိကန်သမ္မတကိုယ်တိုင် လေဆိပ်တပ်စခန်းသို့ သွားရောက်ကြိုဆိုခြင်းမှာ ရှားရှားပါးပါးဖြစ်သည်။
အမေရိကန်စစ်တပ်၏ တပ်ဖွဲ့အသီးသီးမှ စစ်သည် ၄၇၉ ဦး ပါဝင်သည့် နိုင်ငံတော်အဆင့် ကြိုဆိုပွဲအခမ်းအနားကို အိမ်ဖြူတော်၌ ကျင်းပမည်ဖြစ်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့် စစ်ဘက်တီးဝိုင်းများ၏ အခမ်းအနားများအပြီးတွင် B-2 Spirit ဗုံးကြဲလေယာဉ်တစ်စင်းနှင့် F-22 Raptor တိုက်လေယာဉ် လေးစင်းတို့က ဂုဏ်ပြုပျံသန်းပြမည်ဟု သိရသည်။ ရှီနှင့်ဇနီးဖြစ်သူတို့ ဆယ်နှစ်နီးပါးအတွင်း အိမ်ဖြူတော်သို့ ပထမဆုံးအကြိမ် လာရောက်မှုလည်း ဖြစ်မည်။
ထိုအခမ်းအနားများအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန်ရှိပြီး အိမ်ဖြူတော်၏ East Room တွင် နိုင်ငံတော်ညစာစားပွဲ ပြုလုပ်မည်။ အဆိုပါညစာစားပွဲသို့ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇို့ ၊ Alphabet အမှုဆောင်အရာရှိချုပ် ဆန်ဒါပီချိုင် ၊ OpenAI အမှုဆောင်အရာရှိချုပ် ဆမ် အော့လ်တ်မန် ၊ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ် ၊ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ် ၊ Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟွမ် နှင့် Dell Technologies အမှုဆောင်အရာရှိချုပ် မိုက်ကယ်ဒဲလ် တို့ တက်ရောက်ဖွယ်ရှိကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။
စက်တင်ဘာ ၂၅ ရက်တွင် သမ္မတနှစ်ဦးနှင့် သမ္မတကတော်များက အိမ်ဖြူတော် Red Room တွင် လက်ဖက်ရည်သောက်ပွဲ ပြုလုပ်ပြီးနောက် အမျိုးသားမော်ကွန်းတိုက်သို့ သွားရောက်ကာ အမေရိကန်-တရုတ် ဆက်ဆံရေးနှင့်ပတ်သက်သည့် သမိုင်းဝင်မှတ်တမ်းများကို ကြည့်ရှုကြမည်ဖြစ်သည်။
ရှီကျင်းပင်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့တွင် တရုတ်စီးပွားရေးခေါင်းဆောင်များလည်း ပါဝင်လာဖွယ်ရှိသည်။ ရိုက်တာသတင်းတွင် BYD ၊ Xiaomi နှင့် Bank of China တို့မှ အကြီးတန်းအရာရှိများ လိုက်ပါလာနိုင်ကြောင်း ဖော်ပြထားသည်။
ခေါင်းဆောင်နှစ်ဦး၏ ထိပ်သီးတွေ့ဆုံပွဲတွင် နိုဝင်ဘာ ၁၀ ရက်၌ သက်တမ်းကုန်ဆုံးမည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ယာယီရပ်ဆိုင်းထားမှုကို သက်တမ်းတိုးရေး၊ ရှားပါးသတ္တုအရေး ၊ AI ၊ တရုတ်(တိုင်ပေ) အရေးနှင့် အီရန်အရေးတို့ကို အဓိကထား ဆွေးနွေးဖွယ်ရှိသည်။ထို့ပြင် AI ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရန် နောက်နှစ်လအတွင်း တရုတ်နိုင်ငံ ၊ ရှင်းကျန့်မြို့၌ နှစ်နိုင်ငံအရာရှိများ ထပ်မံတွေ့ဆုံရန် သဘောတူထားကြသည်။
Ref: ASIATODAY