
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်တွင် လင်မယားနှစ်ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သည့် ရေသန့်ပို့ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊မြို့သစ် (၅)ရပ်ကွက်၊၆၈(A)လမ်းနှင့်-၆၈(B) လမ်းကြား၊ ၁၁၁ လမ်းနှင့် ၁၁၂လမ်းကြားရှိ နေအိမ်တစ်ခု ကုတင်ပေါ်၌ ဦးကျော်စိုး(အသက် ၆၉နှစ်)၏ရင်ဘက်တွင် ထိုးသွင်း ခုနစ်ချက်၊ ဝမ်းဗိုက် ထိုးသွင်း နှစ်ချက်၊လည်ပင်းပြတ်ရှတစ်ချက်၊လည်ပင်းနောက်ထိုးသွင်း နှစ်ချက်တို့ဖြင့်လည်းကောင်း၊ အိမ်ပေါ် တက်သည့် လှေကားအောက်၌ ဒေါ်တင်ပြည့်( အသက် ၆၃နှစ်)အား ဝမ်းဗိုက်ထိုးသွင်းတစ်ချက်၊ရင်အုံထိုးသွင်း တစ်ချက်၊ လက်မောင်းပြတ်ရှ နှစ်ချက်၊လက်မောင်းပြတ်ရှ တစ်ချက်တို့ဖြင့် လင်မယား နှစ်ဦးသေဆုံးမှု စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဓါးဒဏ်ရာများဖြင့် သေဆုံးနေမှုနှင့်ပတ်သက်ပြီး အမှတ်(၁၁)ရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့သည် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကျုးလွန်သူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
" ကျူးလွန်သူတွေက အဲဒီအိမ်မှာရေသန့်ပို့နေတဲ့ သူတွေဖြစ်တော့ အဝင်အထွက်ရှိနေတဲ့ သူတွေပါ။ အိမ်ရှင်အမျိုးသမီးဆီမှာ ငွေချေးထားတာလည်း ရှိတယ်။ အခင်းဖြစ်တဲ့နေ့က ရွှေငွေတွေယူဖို့ အကြံနဲ့သွားကြရင်း ကျူးလွန်ကြတာ။ ပါလာတဲ့ဓားရော အဲဒီအိမ်က ကတ်ကြေးနှစ်ချောင်း ပါယူပြီး လေဖြတ်နေတဲ့ အမျိုးသား ဖြစ်သူကိုပါ ထိုးသတ်သွားတာ။ ရွှေထည်နဲ့ပိုက်ဆံတွေ ထည့်တဲ့အခန်းက သော့ပိတ်ထားတာ သော့ရှာမရတော့ ပစ္စည်းတွေက ရမသွားဘူး။။ အခင်းဖြစ်ပွားတဲ့ နေ့ရက်ထဲက မသင်္ကာသူတွေခေါ်စစ်ဆေးနေခဲ့တာပါ။ အခုမှ ကျူးလွန်သူတွေက ဝန်ခံပြီး သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခြင်းဖြစ်ပါတယ်" ဟု ဒုရဲမှူးကျော်မန်းက ပြောကြားသည်။
ကျူးလွန်သူ ကျော်ဇင်အသက်(၂၃နှစ်)နှင့် လမင်းထွန်း (၂၀နှစ်)တို့ကို အမှတ်(၁၁)နယ်မြေရဲစခန်းတွင် (ပ)၁၄၀/၂၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်ကာ တရားစွဲဆိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။