
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ကို ထပ်မံတိုက်ခိုက်မည်လား၊ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် ဆက်လက်ကြိုးပမ်းရမည်လားဆိုသည့် ဆုံးဖြတ်ချက်ကို ချရလိမ့်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်က နယူးယောက်မြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထရန့်၏မိန့်ခွန်းကို အီရန်ကိုယ်စားလှယ်အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးကသာ တက်ရောက်နားထောင်ခဲ့သည်။
“အီရန်နဲ့ သဘောတူညီချက်ရပြီး အရင်ကထက် ပိုမိုကောင်းမွန်တဲ့ နိုင်ငံတစ်ခုအဖြစ် ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးပေးမလား။ ဒါမှမဟုတ် အီရန်နိုင်ငံကို အမြန်ဆုံး အမြစ်ပြတ်ချေမှုန်းပစ်ပြီး လူတွေနဲ့ နိုင်ငံတွေကို နောက်ထပ်ဖျက်ဆီးခွင့် မပေးတော့ဘဲ အဆုံးသတ်မလား။ သူတို့ကို ငရဲကိုပို့ပစ်မလား” ဟု ထရန့်က ကြိမ်းဝါးခဲ့သည်။
လက်ရှိတွင်အီရန်နှင့် သဘောတူညီချက်ရရှိရန် မအောင်မြင်သေးသော်လည်း လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲများအပြီးတွင် အီရန်နှင့် သဘောတူညီချက် ရနိုင်မည်ဟု ယုံကြည်ကြောင်း ထရန့်က ပြောသည်။
မိန့်ခွန်းထဲတွင် ထရန့်က ကမ္ဘာလုံးဆိုင်ရာအစိုးရ တည်ထောင်ရေးကိုလည်း ပယ်ချခဲ့သည်။ ထို့ပြင် ရုရှားနှင့် ယူကရိန်းတို့ကြား ငြိမ်းချမ်းရေးရရှိအောင် ကြားဝင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဉာဏ်ရည်တု (AI) နည်းပညာပြိုင်ပွဲတွင် အမေရိကန်အသာရရန် ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။
အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းတို့တွင် ဖြစ်ပွားနေသည့် စစ်ပွဲများက ထရန့်၏ နိုင်ငံခြားရေးမူဝါဒကို စိန်ခေါ်လျက်ရှိသည်။ ထရန့်က ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းကို အမေရိကန်၏ စီးပွားရေးအခြေအနေ၊ လူဝင်မှုကြီးကြပ်ရေး၊ နယ်စပ်လုံခြုံရေးနှင့် အကြမ်းဖက်ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် ၎င်းတို့အစိုးရအဖွဲ့၏ အောင်မြင်မှုများကို ဖော်ပြခြင်းဖြင့် စတင်ခဲ့သည်။
၎င်း၏ ပြောကြားချက်များက လာမည့်နိုဝင်ဘာ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များထံ ရည်ရွယ်ပြောဆိုနေသည့်ပုံစံ ပိုမိုထင်ရှားခဲ့သည်။
ထို့နောက် ထရန့်က ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးပြင်ပတွင် အမေရိကန်တာဝန်ရှိသူများနှင့် အီရန်ကိုယ်စားလှယ်အဖွဲ့တို့ သုံးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အလွန်အကျိုးရှိသည့် ဆွေးနွေးမှုတစ်ရပ် ဖြစ်ခဲ့ကြောင်း သတင်းထောက်များအား ပြောသည်။
ရုရှား-ယူကရိန်း စစ်ပွဲကိုလည်း ၎င်း၏ သံတမန်ရေးကြိုးပမ်းမှုများဖြင့် အဆုံးသတ်နိုင်မည်ဟု ဆိုကာ ထရန့်က “ရုရှား၊ ယူကရိန်းခေါင်းဆောင်တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်မှာပါ။ လူတွေထင်ထားထက် ပိုပြီး မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ်ထင်ပါတယ်” ဟု မိန့်ခွန်းထဲ ထည့်ပြောကြားခဲ့သည်။
Ref: BBC
Photo: AP