
အမေရိကန်နှင့် အီရန်ကိုယ်စားလှယ်များကြား ကောင်းမွန်သော ဆွေးနွေးပွဲများရှိခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးနောက် စက်တင်ဘာ ၂၃ ရက်တွင် ရေနံစျေးများ ကျဆင်းသွားခဲ့သည်။
အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်များသည် ကုလသမဂ္ဂတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။
အာရှစျေးကွက် စတင်ချိန်တွင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းဖြစ်သော Brent ရေနံစိမ်းနှင့် အမေရိကန် စံချိန်စံညွှန်းဖြစ်သော WTI ရေနံစိမ်းတို့သည် တစ်စည်လျှင် ၉၈ ဒသမ ၉၁ ဒေါ်လာနှင့် ၈၉ ဒသမ ၉၃ ဒေါ်လာသို့ အသီးသီးကျဆင်းသွားခဲ့ပြီး ယင်းသည် ဖေဖော်ဝါရီလတွင် အရှေ့အလယ်ပိုင်း စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း စံချိန်တင်မြင့်တက်ခဲ့သည့် ဒေါ်လာ ၁၀၀ အောက်သို့ ပြန်လည်ရောက်ရှိသွားခြင်းဖြစ်သည်။
အမေရိကန်နှင့် အီရန်ကိုယ်စားလှယ်များကြား သုံးနာရီကြာ ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုသည် အလွန်ကောင်းမွန်ခဲ့ပြီး အလွန် အကျိုးရှိခဲ့ကာ သိမ်မကြာမီ အနာဂတ်တွင်လည်း နောက်ထပ်တွေ့ဆုံမှုတစ်ခု ပြုလုပ်ရန် စီစဉ်ထားသည်ဟု ထရန့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် တွေ့ဆုံချိန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်တို့ သဘောတူညီချက် ရယူရန် သို့မဟုတ် အီရန်ကို ချေမှုန်းပြီး ပဋိပက္ခကို အဆုံးသတ်ရန်အစရှိသည့် ရွေးချယ်မှုအတွက် ကြီးမားသည့် ဆုံးဖြတ်ချက်နှင့် ကြုံတွေ့နေရကြောင်း ထရန့်က ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အီရန်နှင့် ဆွေးနွေးမှုများအကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နှင့် အစ္စရေးက အီရန်စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပွားလာခဲ့သည့် စစ်ပွဲသည် ၇ လနီးပါး ကြာမြင့်ခဲ့သော်လည်း အီရန်က ဟော်မုဇ် ရေလက်ကြားကို ဆက်လက် ပိတ်ဆို့ထားပြီး အမေရိကန်ကလည်း အီရန် ဆိပ်ကမ်းများကို ပြန်လည် ပိတ်ဆို့ထားသဖြင့် မတိုးသာ၊ မဆုတ်သာအခြေအနေသို့ ရောက်ရှိနေသည်။
ဆော်ဒီ ကျောထောက်နောက်ခံပြု ယီမင်အစိုးရတပ်ဖွဲ့များနှင့် အီရန် ကျောထောက်နောက်ခံပြု ဟူရ်သီများအကြား ဖြစ်ပွားနေသည့် ပဋိပက္ခသည်လည်း ဆော်ဒီနိုင်ငံ ပိုင်နက်အတွင်းသို့ ပျံ့နှံ့လာခဲ့ပြီး ပင်လယ်နီမှ စွမ်းအင် တင်ပို့မှုများကို လျော့ကျစေခဲ့သည်။
"၃ နာရီကြာ ပြုလုပ်ခဲ့တဲ့ အမေရိကန်-အီရန် တွေ့ဆုံမှုဟာ နောက်ဆုံး သဘောတူညီချက်တစ်ခု ရရှိဖို့ ဝေးကွာနေသေးပေမဲ့လည်း စစ်မှန်တဲ့ သံတမန်ရေး လုပ်ငန်းစဉ်ကတစ်ဆင့် ရေနံစျေးတွေကျဆင်းအောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်" ဟု Quintex Intel ကုမ္ပဏီမှ ကျွမ်းကျင်သူ စတီဖင် အင်းနက်စ်က ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် စစ်ပွဲတွင် အနိုင်ရသည်နှင့်တစ်ပြိုင်နက် ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းသွားမည်ဟု ထရန့်က ကတိပြုပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသကို ဂယက်ရိုက်ခတ်ခဲ့သည့် စစ်ပွဲကြောင့် ပိတ်ထားခဲ့ရသည့် East-West ရေနံပိုက်လိုင်း၏ လုပ်ငန်းစဉ်များကို ဆော်ဒီက ပြန်လည် စတင်လိုက်ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာချိန်တွင် ယခုကဲ့သို့ ရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရချိန်တွင် ဆော်ဒီကအဆိုပါ ပိုက်လိုင်းဖြင့် ရေနံများကို တင်ပို့ခဲ့သော်လည်း မကြာသေးမီက ဟူရ်သီတို့၏ တိုက်ခိုက်မှုများကြောင့် အဆိုပါ ပိုက်လိုင်းကို ယာယီပိတ်ခဲ့ရသည်။
သို့သော် ဆော်ဒီသည် ယခုသီတင်းပတ်ကုန်ပိုင်းတွင် အဆိုပါပိုက်လိုင်းမှတစ်ဆင့် ရေနံတင်ပို့မှုများကို ပြန်လည်စတင်ရန် ရည်ရွယ်ထားကြောင်း သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Bloomberg သတင်းဌာနကဖော်ပြခဲ့သည်။
Ref: AFP