Eleven Media Group

■ တောင်အာဖရိကရှိ နေအိမ်တစ်အိမ်တွင် ကိုယ်ဝန်ဆောင်သည် အပါအဝင် လူ ၁၁ ဦး ပစ်သတ်ခံရ

တောင်အာဖရိကနိုင်ငံအရှေ့ပိုင်း ကွာဇူလူ-နာတယ်ပြည်နယ်ရှိ နေအိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၂ ရက်ညပိုင်းက သေနတ်သမားတစ်စု ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူ ၁၁ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် ဒေသခံလူထုကြား ထိတ်လန့်စိုးရိမ်မှုများ ဖြစ်လာခဲ့သည်။

ဒါဘန်မြို့၏တောင်ဘက်ရှိ ကွာမခူတာမြို့နယ်တွင် ဒေသစံတော်ချိန် ည ၁၁ နာရီမတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်အာဖရိက ရုပ်သံသတင်းဌာန eNCA ၏ ဖော်ပြချက်အရ သေဆုံးသူများထဲ ကိုယ်ဝန်ဆောင်သည်တစ်ဦးလည်း ပါဝင်နေသည်။

ထိုသတင်းအရ သေနတ်သမားများက နေအိမ်အတွင်းရှိ လူအားလုံးကို အခန်းတစ်ခန်းတည်းထဲသို့ စုစည်းခိုင်းပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ လူ ၁၀ ဦးက နေရာမှာပင်သေဆုံးခဲ့ပြီး ကျန်တစ်ဦးက ဆေးရုံသို့ပို့စဉ် သေဆုံးခဲ့သည်။ သေနတ်သမားအဖွဲ့က အိမ်ပိုင်ရှင်၏ မော်တော်ယာဉ်တစ်စီးကို မီးရှို့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြသည်။ ပစ်ခတ်မှုဖြစ်ပွားသည့် အကြောင်းရင်းကို မသိရသေးပေ။

လူဦးရေ ၆၂ သန်းခန့်ရှိရာ တောင်အာဖရိကနိုင်ငံသည် ကမ္ဘာပေါ်တွင် လူသတ်မှုနှုန်း မြင့်မားသည့်နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး တစ်ရက်လျှင် လူ ၆၀ ခန့် အသတ်ခံနေရကာ တရားဝင်နှင့် တရားမဝင်သေနတ်များ နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသဖြင့် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ဖြစ်စဉ်အများစုက ဂိုဏ်းအချင်းချင်း ပြိုင်ဆိုင်မှု၊ တရားမဝင် စီးပွားရေးလုပ်ငန်းများအကြား ပြိုင်ဆိုင်မှုတို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် တောင်အာဖရိကသမ္မတ ရာမာဖိုဆာက နိုင်ငံအတွင်းရင်ဆိုင်နေရသည့် အကြီးမားဆုံး ပြဿနာများထဲ ရာဇဝတ်မှုများလည်း ပါနေသည်ဟု ပြောသည်။

Ref: AA, AFP

မူရင်းသတင်း — Eleven Media Group