
အာဖဂန်နစ္စတန်တွင် တာလီဘန်အဖွဲ့၏ အမြင့်ဆုံးခေါင်းဆောင်နေထိုင်သည့် ကန်ဒါဟာမြို့ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးကလည်း ၎င်းတို့ တပ်ဖွဲ့များသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ပစ်မှတ် ၁၀ ခုကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အာဖဂန်နိုင်ငံအနေဖြင့် ၄င်းတို့ပိုင်နက်အတွင်း အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပြုထားကြောင်း စွပ်စွဲခဲ့သည်။
သို့သော် ပါကစ္စတန်တပ်ဖွဲ့မည်သည် အာဖဂန်တွင် မည်သည့်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဆိုခြင်းကိုမူ ပါကစ္စတန်ဘက်က ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ပါကစ္စတန် မြောက်ပိုင်းရှိ ရဲဌာနချုပ်တစ်ခုအား သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် သီးတင်းတစ်ပတ်နီးပါးအကြာတွင် အဆိုပါ နောက်ဆုံး လေကြောင်း တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပါကစ္စတန်တပ်ဖွဲ့များသည် အာဖဂန်အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စက်တင်ဘာ ၂၃ ရက် ညသန်းခေါင်ကျော်အချိန်တွင် တိုက်လေယာဉ် အသံကို ကြားရပြီးနောက် ကြီးမားသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ မြို့လယ်ခေါင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု ကန်ဒါဟာ ဒေသခံတစ်ဦးက စက်တင်ဘာ ၂၄ ရက်တွင် အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
နာရီပိုင်းအကြာတွင် ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အက်တူလာ တာရာက လေကြောင်းနှင့် ဒရုန်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။
"ပါကစ္စတန်ဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းက နေရာ ၁၀ ခုကို ပစ်မှတ်တိကျတဲ့ လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ၊ တိကျသေချာစွာ တွက်ချက်ချိန်ဆထားတာဖြစ်ပြီး ပါကစ္စတန်အပေါ် တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေနဲ့ တိုက်ရိုက် ဆက်နွှယ်နေတဲ့ စစ်ရေး ပစ်မှတ်တွေအပေါ်မှာပဲ အတိအကျ ကန့်သတ် အရေးယူခဲ့တာ ဖြစ်ပါတယ် " ဟု တာရာ က X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းက အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပြီး ပါကစ္စတန်ဘက်ကမူ ယင်းတိုက်ခိုက်မှုကြောင့် သောင်းကျန်းသူ ၂၈ ဦး သေဆုံးခဲ့သည်ဟု ပြောကြားထားသည်။
စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် ပါကစ္စတန်သည် အာဖဂန် အရှေ့ပိုင်း ပြည်နယ်များရှိ နေရာနှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
ပက်တီယာပြည်နယ်တွင် အာဖဂန် စစ်တပ်၏ အမှတ် ၂၀၃ မန်ဆူရီ တပ်မဟာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ရာဆူးလ် အာမဒီက ထိခိုက်သေဆုံးမှု အချက်အလက်များကို ထည့်သွင်းပြောကြားခြင်း မရှိဘဲ ထုတ်ပြန်ခဲ့သည်။
Ref: AFP