
အင်အားပြင်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် လာမည့်ခြောက်လအတွင်း အပူချိန်မြင့်တက်မှုနှင့် ဆက်စပ်ပြီး ကမ္ဘာတစ်ဝန်း လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ကြောင်း သုတေသနတစ်ရပ်က ခန့်မှန်းထားသည်။
အဆိုပါခန့်မှန်းချက်ကို ချီကာဂိုတက္ကသိုလ်၏ Climate Impact Lab က စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၇ ခုနှစ် ၊ ဖေဖော်ဝါရီအထိ ဖြစ်နိုင်ခြေရှိသည့် အပူဒဏ်ကြောင့် သေဆုံးမှုများကို ပုံမှန်နှစ်များတွင် ဖြစ်ပေါ်နိုင်သည့် သေဆုံးမှုနှုန်းနှင့် နှိုင်းယှဉ်တွက်ချက်ထားခြင်း ဖြစ်သည်။
သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်အရ အယ်လ်နီညိုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အာဖရိကတိုက်ရှိ ဆာဟယ်ဒေသသည် အပူဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားရနိုင်ကြောင်း ခန့်မှန်းထားသည်။
ဆာဟယ်ဒေသတစ်ဝန်းတွင် အပူဒဏ်နှင့်ဆက်စပ်သည့် ထပ်တိုးသေဆုံးသူ ၆၆၈၀၀ ခန့် ရှိလာနိုင်ပြီး နိုင်ဂျီးရီးယားတစ်နိုင်ငံတည်းတွင် ၃၁၄၀၀ ခန့် ရှိနိုင်သည်။ အင်ဒိုနီးရှားတွင် ၁၉၃၀၀ ခန့်နှင့် ဆူဒန်တွင် ၁၇၆၀၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
အရှေ့တောင်အာရှတွင်လည်း ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၌ အပူဒဏ်ကြောင့် ထပ်တိုးသေဆုံးသူ စုစုပေါင်း ၁၉၄၀၀ ခန့် ရှိလာနိုင်သည်။ အိန္ဒိယတွင် ၁၅၈၀၀ ခန့်နှင့် ဘရာဇီးတွင် ၁၃၃၀၀ ခန့် ရှိနိုင်ကြောင်း တွက်ချက်ထားသည်။
အခါအားလျော်စွာ ဖြစ်ပေါ်လေ့ရှိသည့် အယ်လ်နီညို သဘာဝရာသီဥတုဖြစ်စဉ်သည် ယခုနှစ် ဇွန်လမှစတင်၍ ဖြစ်ပေါ်လာခဲ့သည်။ ယခုအယ်လ်နီညိုသည် သမိုင်းတစ်လျှောက် အင်အားအပြင်းဆုံး အယ်လ်နီညိုများအနက် တစ်ခုဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများကဆိုသည်။
ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသအဖွဲ့ကလည်း အယ်လ်နီညိုသည် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီအထိ ဆက်လက်ဖြစ်ပေါ်နေမည့် အလားအလာ ၁၀၀ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ထားကာ အယ်လ်နီညို၏ နောက်ဆက်တွဲအန္တရာယ်များသည် ၂၀၂၇ ခုနှစ် နှစ်လယ်ပိုင်းအထိ ဆက်လက်သက်ရောက်နိုင်သည်ဟု သုတေသီများက သတိပေးနေသည်။
Ref: AP / Al Jazeera