Eleven Media Group

ကုလသမဂ္ဂသည် အသုံးမကျသောအဖွဲ့အစည်းဖြစ်နေပြီဟု အာဂျင်တီးနားသမ္မတ ဝေဖန်

အာဂျင်တီးနားသမ္မတက ဂျာဗီးယားမီလေးက စက်တင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းသည် ကိုယ့်အကျိုးစီးပွားအတွက် ကိုယ်လုပ်နေကြသော ကပ်ပါးများဖြင့် ပြည့်နေသော အဖွဲ့အစည်းဖြစ်နေသည်ဟု ဝေဖန်တိုက်ခိုက်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အရင်းနှီးဆုံးလက်တင်အမေရိက မိတ်ဆွေတစ်ဦးဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပြောတတ်သောမီလေးက တစ်ကမ္ဘာလုံးအုပ်စိုးမှုနှင့် ယင်း၏ woke agenda (တရားလွန်မူဝါဒ)ကိုဝေဖန်ရာ၌ ကုလသမဂ္ဂလမ်းကြောင်းကို ထပ်တလဲလဲ အသုံးပြုခဲ့သည်။

စက်တင်ဘာ ၂၃ ရက်တွင် သူက ကုလသမဂ္ဂသည် ဘုံလုံခြုံရေးနှင့် လူ့အခွင့်အရေးများကို အာမခံချက် ပေးသည့် တာဝန်ပျက်ကွက်နေကြောင်း မီလေးက စွပ်စွဲပြောကြားခဲ့ပြီး အကာအကွယ် ပေးရမည့်အစား ဝရုန်းသုန်းကား အခြေအနေများ၊ အကြမ်းဖက်မှုများ၊ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်ဝါဒများအား ကောင်းလာစေရန် လုပ်ပေးနေသည်ဟု ပြောကြားခဲ့သည်။

သူက“ကုလသမဂ္ဂဟာ အသုံးမကျတဲ့ အဖွဲ့အစည်းဖြစ်လာပါပြီ။ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ဗျူရိုခရက် တွေအဖြစ် ပုံဖျက်ထားတဲ့ တစ်ဘို့တည်းသမား ကပ်ပါးတွေအတွက်ပဲ လုပ်ပေးနေတဲ့ အဖွဲ့အစည်းဖြစ် နေပါတယ်” ဟု ဆိုသည်။

ဗြိတိသျှ ပင်လယ်ရပ်ခြားပိုင်နက်နယ် မြေဖြစ်ပြီး အာဂျင်တီးနားသားများက လက်စ်မဲလ်ဗီးနက်စ်ဟုခေါ်ကြကာ ၎င်းတို့၏မြေဟု ပြောသည့် ဖော်ကလန်ကျွန်းစုကို အာဂျင်တီးနား၏ ပိုက်နက်အဖြစ် တောင်းဆိုထားခြင်း နှင့်ပတ်သက်၍ ကုလသမဂ္ဂက မသိကျိုးကျွံ ပြုထားသည်ဟု မီလေးက စွပ်စွဲခဲ့သည်။

၁၉၈၂ ခုနှစ်တွင် နှစ်နိုင်ငံစစ်ဖြစ်ခဲ့ရသည့် ဖော်ကလန်ကျွန်းနှင့်ပတ်သက်၍ တစ်ဖက်သတ်လုပ်ဆောင်ချင်းများ ကို နှစ်ဖက်စလုံးက ရှောင်ရန်တောင်းဆိုထားသည့် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ဗြိတိန်က မထိမဲ့မြင် ပြုနေသည်ဟု အာဂျင်တီးနားက စွပ်စွဲထားသည်။

“စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသူကတော့ အဲဒီလိုလိုက်နာတဲ့အတွက် ဘာဆုလာဘ်မှ မရပါဘူး။ စည်းကမ်းချိုးဖောက် သူကတော့ စည်းကမ်းဖောက်လို့ဆိုပြီး ဘာအကျိုးဆက်ကိုမှ ရင်မဆိုင်ရပါဘူး” ဟု အာ ဂျင်တီးနားသမ္မတက ကုလသမဂ္ဂအထွေထွေ ညီလာခံကို ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group