Eleven Media Group

ဟာဗီ ဝိုင်စတိန်းကို နယူးယောက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုအတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်

ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗီဝိုင်စတိန်းအား ၂၀၀၆ ခုနှစ်က နယူးယောက်မြို့ မန်ဟက်တန်ရှိ ၎င်း၏နေအိမ်တွင် ရုပ်သံအစီအစဉ် ထုတ်လုပ်ရေးလက်ထောက်ဟောင်း မီရမ်ဟေလီကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုအတွက် စက်တင်ဘာ ၂၃ ရက်တွင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။

တရားစွဲဆိုရေးဘက်ကမူ ဟာဗီဝိုင်စတိန်းသည် ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုအပေါ် အမှန်တကယ် နောင်တရကြောင်း ပြသခဲ့ခြင်းမရှိဟုဆိုကာ ထောင်ဒဏ်နှစ် ၂၀ နှင့် ထောင်မှလွတ်မြောက်ပြီးနောက် ၅ နှစ်ကြာ စောင့်ကြည့်ကြီးကြပ်ရန် တောင်းဆိုခဲ့သည်။ သို့သော် အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ဟာဗီ ဝိုင်စတိန်းက တရားရုံးတွင် မိမိ၏လုပ်ရပ်များအတွက် နောင်တရကြောင်းနှင့် မီရမ် ဟေလီကို တောင်းပန်ကြောင်း ပြောဆိုခဲ့သည်။

မီရမ် ဟေလီက မိမိခံစားခဲ့ရသည့် ထိခိုက်နစ်နာမှုများကို ထွက်ဆိုခဲ့ကာ အဆိုပါဖြစ်ရပ်နှင့် နောက်ပိုင်းတရားရင်ဆိုင်ရမှုများကြောင့် ၎င်း၏ ကိုယ်ရေးကိုယ်တာဘဝနှင့် အလုပ်အကိုင်အပေါ် ထိခိုက်မှုများရှိခဲ့ကြောင်း ပြောသည်။ ဟာဗီ ဝိုင်စတိန်း၏ ရှေ့နေများကမူ ၎င်း၏အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေများကို ထောက်ပြကာ ထောင်ဒဏ်ကိုးနှစ်သာ ချမှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဟာဗီ ဝိုင်စတိန်းနှင့်ပတ်သက်သည့် လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များသည် ၂၀၁၇ ခုနှစ်မှစ၍ ကမ္ဘာတစ်ဝန်း အာရုံစိုက်မှု မြင့်တက်လာခဲ့ပြီး #MeToo လှုပ်ရှားမှု ပေါ်ပေါက်လာစေသည့် အဓိကဖြစ်ရပ်များအနက် တစ်ခုဖြစ်လာခဲ့သည်။

ဟာဗီက လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် မသင့်လျော်သည့် အပြုအမူများ ရှိခဲ့ကြောင်း အမျိုးသမီး ၈၀ ကျော်က ဖွင့်ချစွပ်စွဲခဲ့သည်။

တစ်ဖက်တွင် ဟာဗီ ဝိုင်စတိန်းသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် နောက်ထပ်သီးခြားအမှုတစ်ခုအတွက် ပြစ်ဒဏ်ချမှတ်ခံရရန် စောင့်ဆိုင်းနေရသည်။

Ref: Guardian / AP

မူရင်းသတင်း — Eleven Media Group