Eleven Media Group

ယာယီပိတ်ထားခဲ့သည့် ဖလမ်းမြို့ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း ပြန်လည်ဖွင့်လှစ်

ကာလအတန်ကြာ ယာယီပိတ်ထားခဲ့သည့် ဖလမ်းမြို့ လူမှုဝန်ထမ်းဦးစီးဌာနမူလတန်းကြိုကျောင်းကို စက်တင်ဘာ ၂၄ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဖွင့်လှစ်ခြင်းအခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန ဖလမ်းမြို့ မူလတန်းကြိုကျောင်းတွင်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးက ယခုအခါချင်းပြည်နယ်အတွင်း ဟားခါးမြို့၊ တီးတိန်မြို့နှင့် ဖလမ်းမြို့များရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများကို ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှုဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် တိုက်တွန်းလိုကြောင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၆၈ ကျောင်းအတွက် ဆရာမလစာနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများအနေဖြင့် မူလတန်းကြိုကျောင်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်ထောက်ကူပစ္စည်းများ၊ လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသည့်အလှူငွေများကို ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးတို့က ပေးအပ်ခဲ့သည်။

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ဖလမ်းမြို့နေရပ်ပြန်ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ တဖြည်းဖြည်း ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း၊ ဖလမ်းမြို့တွင် ယခင်က မူလတန်းကြိုကျောင်းသုံးကျောင်းရှိခဲ့ပြီး ယခုအခါ မူလတန်းကြိုကျောင်း နှစ်ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group