
အီရန်က ဆက်လက်တိုက်ခိုက်ရန်ဆန္ဒမရှိသောကြောင့် စစ်ပွဲကိုအဆုံးသတ်ခြင်းပြုမပြု အမေရိကန်ကရွေးချယ်ရမည်ဟု အီရန်သမ္မတ မာဆွတ်ပီဇက်ခီယန်က Fox News သတင်းဌာနနှင့်ပြုလုပ်သော အင်တာဗျူးတွင်ပြောကြားခဲ့ပြီးအဆိုပါအင်တာဗျူးကို စက်တင်ဘာ၂၄ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
အီရန်သမ္မတပီဇက်ခီယန်သည် စက်တင်ဘာ ၂၃ ရက်တွင် နယူးယောက်မြို့၌ ကျင်းပသောကုလသမဂ္ဂအထွေထွေညီလာခံတွင် မေးခွန်းပြောကြားခဲ့ရာ၌ အီရန်သည်အမေရိကန်ကို အညံ့ခံမည်မဟုတ်ဟုပြောကြားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမူ အမေရိကန်-အီရန်ဆွေးနွေးပွဲများပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
"ကျွန်တော်တို့က ပြဿနာတွေကို အပြန်အလှန်ဆွေးနွေးတာကတစ်ဆင့်ဖြေရှင်းကြရာမှာ မတတ်သာတဲ့အဆုံး တစ်ဦးနဲ့တစ်ဦးသတ်ပြီး ဖြေရှင်းလို့မရပါဘူး။ အစ္စရေးရဲ့ သွေးထိုးလှုံ့ဆော်မှုတွေနဲ့အတူ သူတို့က ကျွန်တော်တို့အပေါ် ဒီစစ်ပွဲကို ဆင်နွှဲလိုက်တာပါ"ဟု ပီဇက်ခီယန်ပြောကြားခဲ့သည်ကို Fox News က ဘာသာပြန်၍ ဖော်ပြခဲ့သည်။
"ကျွန်တော်တို့က ဆက်တိုက်ဖို့ ဆန္ဒမရှိပါဘူး။ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ဆန္ဒရှိမရှိဆိုတာ အမေရိက,ကရွေးချယ်ရမှာပါ"ဟု အီရန် သမ္မတကပြောကြားခဲ့သည်။
အီရန်ကစစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက်ကို ထရန့်နှင့် လက်မှတ်ရေးထိုးရန် အဆင်သင့်ရှိနေသည်ဟုပီဇက်ခီယန်က ပြောကြားခဲ့သည်။
"သဘောတူညီချက်ကို လက်မှတ်ထိုးပြီးတဲ့နောက် နှစ်ပတ်အတွင်းမှာ သူတို့က အီရန်ကို ဖောက်ခွဲပစ်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့တာလဲ"ဟု အပစ်အခတ်ရပ်စဲရေး ပျက်သွားသည့်ကိစ္စကို အီရန်သမ္မတက ပြောကြားခဲ့သည်။
"လက်ရှိအမေရိကန်အစိုးရက အပြည်ပြည်ဆိုင်ရာ တရားဥပဒေမူဘောင်တွေထဲကနေ သဘောတူညီချက်ရအောင်လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့၊ ကောင်းပါတယ်။ သက်တမ်းလတ် ရွေးကောက်ပွဲမပြီးမီ ဒါမှမဟုတ် ရွေးကောက်ပွဲအပြီးမှာ ဆန္ဒမရှိဘူးဆိုရင်တော့ အဲဒါက ကျွန်တော်တို့အတွက် ဘာခြားနားမှုကို ဖြစ်စေမှာလဲ"ဟု ဆိုသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီသည် ထရန့်၏သံတမန်များဖြစ်သော စတိဗ်ဝစ်ကော့ဖ်၊ ဂျာရတ်ကူရှ်နာ(ထရန့်၏သမက်) တို့နှင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ဘေးဆွယ် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့သည်ဆိုသော်လည်း ထိုဆွေးနွေးမှုများသည် အဆင်ပြေသည့် အဖြေကို ချက်ချင်း ထုတ်မပေးနိုင်ပေ။
Ref:AFP