
ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများနှင့်အညီ စားအုန်းဆီ ဝယ်ယူရရှိနိုင်ရေးအတွက် လက်ကားကိုယ်စားလှယ် ၃၆ ဦးနှင့် လက်လီကိုယ်စားလှယ် ၇၃၀ ဦးမှတစ်ဆင့် တစ်လလျှင် စားအုန်းဆီတန်ချိန် ၃၁၄၅ တန် ဖြန့်ဖြူးရောင်းချပေးနေပြီး သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချမှုများကို စစ်ဆေးအရေးယူနေကြောင်း စက်တင်ဘာ ၂၄ ရက် နေ့တွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(တတိယနေ့) အခမ်းအနားတွင် တိုင်းဒေသကြီး စီမံ/ဘဏ္ဍာရေးဝန်ကြီး ဦးဇော်ဝင်းက ဖြေကြားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း စားအုန်းဆီခွဲတမ်းမှာ တစ်လလျှင် ၁၉၂၅၉၆၆ ပိဿာ ရရှိပြီး တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း ၁၀၈၈၈၅၀ ကို အိမ်ထောင်စုအလိုက် ဝယ်ယူခွင့်စာအုပ်များ ပြုလုပ်ပေးကာ တစ်လလျှင် အိမ်ထောင်စုတစ်စုလျှင် ၁ ပိဿာမှ ၂ ပိဿာခွဲအထိ ဝယ်ယူခွင့်ရရှိကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တောင်သူ/ပြည်သူများအနေဖြင့် စားအုန်းဆီ ဝယ်ယူရာတွင် သတ်မှတ်ထားသည့် သယ်ယူစရိတ်ထက် ပိုမိုတောင်းခံခြင်း၊ သတ်မှတ်ရက်တွင် မဝယ်ယူနိုင်ပါက နောက်တစ်ကြိမ်တွင် ယခင်ခွဲတမ်းနှင့် ပေါင်း၍ ဝယ်ယူခွင့်မရခြင်း၊ ဝယ်ယူခွင့်ရက်ကို တစ်ရက်တည်း သတ်မှတ်ပြီး အချိန်ကန့်သတ်ထားခြင်းများ ကြုံတွေ့နေရသဖြင့် သက်ဆိုင်ရာဌာနများက မည်သို့ ကြပ်မတ်ပေးမည်ကို လက်ပံတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်ကိုမင်းက လက်ပံတမ်းမြို့နယ်အပါအဝင် အခြားသောမြို့နယ်များမှ နိုင်ငံတော်အစိုးရ၏ သတ်မှတ်စျေးနှုန်းဖြင့်ဝယ်ယူခွင့်ရရှိသော စားသုံးဆီဝယ်ယူသူပြည်သူများအား လွယ်ကူလျှင်မြန်သက်သာ၍ အဆင်ပြေချောမွေ့စွာဝယ်ယူခွင့်ရရှိရေး ဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိမေးခွန်းနှင့် ပတ်သက်ပြီး ဆက်စပ်မေးခွန်းများ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်၍ လက်ပံတန်းမြို့နယ်အနေဖြင့် ဆိုပါက စားအုန်းဆီ ခွဲတမ်း တစ်လ ၆၈,၂၈၂ ပိဿာ ရရှိပြီး လက်ကားကိုယ်စားလှယ် ၃ ဦးနှင့် လက်လီကိုယ်စားလှယ် ၅၂ ဦးတို့မှ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၃၇,၄၁၅ တို့ တစ်လလျှင် အိမ်ထောင်စုတစ်စုလျှင် ၁ ပိဿာ၊ ၁ ပိဿာ ၅၀ နှုန်းဖြင့် ဝယ်ယူခွင့်စာအုပ်များ ပြုလုပ်၍ စနစ်တကျ ရောင်းချပေးလျက် ရှိကြောင်းကြောင်း သိရသည်။
စားအုန်းဆီ ပြည်တွင်း တိုးမြှင့်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီအနေဖြင့် စားအုန်းဆီ သတ်မှတ် ရည်ညွှန်းဈေးများအား အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ပေးလျက်ရှိကြောင်း၊စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအရ ရန်ကုန်အထိုင်ဈေးမှာ တစ်ပိဿာ ၇,၁၇၉ ကျပ်ဖြစ်ပြီး သာယာဝတီနှင့် လက်ပံတန်းမြို့နယ်တို့တွင် သယ်ယူစရိတ်နှင့် အကျိုးအမြတ်များ ထည့်သွင်းတွက်ချက်ပြီး လက်ကားဈေး ၇,၆၁၅ ကျပ်၊ ပြည်သူများထံ ရောင်းချသည့် လက်လီဈေး ၇,၈၄၅ ကျပ် သတ်မှတ်ထားကြောင်း ၊မင်းလှ၊ မိုးညို၊ အုတ်ဖိုနှင့် ဇီးကုန်းမြို့နယ်တို့တွင်မူ လက်ကားဈေး ၇,၆၉၄ ကျပ်နှင့် လက်လီဈေး ၇,၉၃၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချမှုများ ရှိ၊ မရှိ စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ခရိုင်စားအုန်းဆီ ဖြန့်ဖြူးစိစစ်ရေးအဖွဲ့က ကြိုတင်အကြောင်းကြားစစ်ဆေးခြင်းနှင့် ရုတ်တရက် ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း၊ ထို့အပြင် စားအုန်းဆီရောင်းချသည့် ဆိုင်များတွင် ရောင်းချရမည့် ဈေးနှုန်းနှင့် ရောင်းချချိန်များကို ဖော်ပြထားသည့် ဗီနိုင်းများ ချိတ်ဆွဲထားစေပြီး နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရန် ကြီးကြပ်နေကြောင်း ၊ရည်ညွှန်းဈေးထက် မြင့်တက်ရောင်းချမှုများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေးနေသည့်အပြင် လက်လီလက်ကားကိုယ်စားလှယ်များကိုလည်း မြို့နယ်အလိုက် ခေါ်ယူတွေ့ဆုံ၍ အသိပေး၊ သတိပေးမှုများ ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး စီမံ/ဘဏ္ဍာရေးဝန်ကြီး ဦးဇော်ဝင်းက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု ပိုမိုတိကျစေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက Citizen Pay Partner နှင့် ချိတ်ဆက်ကာ ကုမ္ပဏီမှ လက်ကား၊ လက်ကားမှ လက်လီနှင့် ပြည်သူများအထိ ဖြန့်ဖြူးမှုကို Digital Platform ဖြင့် စောင့်ကြည့်နိုင်ရေး ဆောင်ရွက်နေပြီး ပြည်သူများအဆင့်အထိ အသုံးပြုနိုင်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း လွှတ်တော်တွင် ဖြေကြားခဲ့ကြောင်း သိရသည်။
ဇော်ဝင်းချစ်(တောင်ငူ)