Eleven Media Group

အုတ်တွင်းမြို့နယ်တွင် ရဟန်းဝတ်ဖြင့် မူးယစ်ရမ်းကားနေသူအား လူဝတ်လဲပြီး ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင် Toll-Gate အနီးရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ရဟန်းဝတ်ဖြင့် မူးယစ်ရမ်းကားနေသူတစ်ဦးကို စက်တင်ဘာ ၂၄ ရက် ညပိုင်းက မြို့နယ် သာသနာ့ထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးကာ လူဝတ်လဲပြီး အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့ထံ ဖမ်းဆီးအပ်နှံခဲ့ကြောင်း မြို့နယ် သာ/ထိန်း အဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ ရက် ည ၉ နာရီကျော်ခန့်တွင် ရဟန်းဝတ်ထားသူတစ်ဦး မူးယစ်နေကြောင်း သတင်းပေးပို့လာသဖြင့် အုတ်တွင်း မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံ တင်ပြ၍ လမ်းညွှန်မှုခံယူပြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဟင်းငုတ်ပင် Toll-Gate အနီးရှိ ထမင်းဆိုင်တွင် ရဟန်းဝတ်ဖြင့် မူးယစ်နေသူ ရဟန်းဝတ်ဖြင့် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပြီး ၎င်းမှာ အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းအနောက်ဘက် ရေသိုးရွာကျောင်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသားအား မြို့နယ် သာသနာ့ထိန်းသိမ်းရေးအဖွဲ့ အခြေစိုက်ရာသို့ ခေါ်ဆောင်ပြီး သိက္ခာချ လူဝတ်လဲပေးခဲ့ပြီးနောက် အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်းနှင့် မူးယစ်ရမ်းကားမှုဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်း သင်္ကန်းဝတ်ဆင်၍ သာသနာရေးနှင့် မသင့်လျော်သည့် လုပ်ရပ်များ ပြုလုပ်နေသူများ နှင့်ပတ်သက်၍ သာသနာထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိရာ ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်နေ့ကလည်း အုတ်တွင်းမြို့နယ်အတွင်း လှည့်လည်၍ အလှူခံနေသည့် အဖွဲ့မှ လူ ၈ ဦးကို ဖမ်းဆီးခဲ့ပြီး အဆိုပါအဖွဲ့အား စက်တင်ဘာ ၃ ရက်နေ့တွင် အုတ်တွင်းမြို့နယ်တရားရုံးက လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် ထောင်ဒဏ် ၃ လစီ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ ၂ ရက်ကလည်း အုတ်တွင်းမြို့ဈေးအတွင်း သင်္ကန်းဝတ်ဆင်၍ အလှူခံနေသူ အမျိုးသားတစ်ဦးကို မြို့နယ်သာသနာရေးဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဖမ်းဆီးခဲ့ပြီးနောက် သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ဖြင့် တရားစွဲဆိုခဲ့ရာ စက်တင်ဘာ ၈ ရက်တွင် ထောင်ဒဏ် ၂ နှစ် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)

မူရင်းသတင်း — Eleven Media Group