
ပြီးခဲ့သည့်လက နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုသည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အန္တရာယ်များနှင့်ပတ်သက်ပြီး ကမ္ဘာကြီးအတွက် သတိပေးချက်တစ်ခုဖြစ်ကြောင်း နီပေါဝန်ကြီးချုပ် ဘာလန်ဒရာ ရှားက စက်တင်ဘာ ၂၄ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြောကြားခဲ့သည်။
ပူနွေးလာသော ရာသီဥတုသည် ထိခိုက်လွယ်သည့် ဟိမဝန္တာဒေသ၏ ဂေဟစနစ်ကို မတည်မငြိမ် ဖြစ်စေပြီး အမြဲတမ်းအေးခဲနေသော မြေဆီလွှာများနှင့် ရေခဲမြစ်များကို အရည်ပျော်စေကာ အန္တရာယ်များကို ပိုမိုမြန်ဆန်လာစေကြောင်း၊ နီပေါနိုင်ငံအနေဖြင့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ကူညီပေးကြရန် နိုင်ငံများကို တိုက်တွန်းကြောင်း ရှားက ပြောကြားခဲ့သည်။
သြဂုတ် ၂၆ ရက်က နီပေါ-တရုတ် နယ်စပ်တစ်လျှောက်ရှိ ရေခဲမြစ်များ ပြိုကျမှုကြောင့် ဆူနာမီကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ ပျက်စီးဆုံရှုံးမှုများ ဖြစ်ပွားခဲ့ပြီး နီပေါနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး ကပ်ဘေးများအနက် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။
ထိုရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ရပြီး ၆၀၀၀ ခန့် ပျောက်ဆုံးနေဆဲ ဖြစ်ကာ စီးပွားရေးအရ ထိခိုက်ပျက်စီးမှုမှာလည်း အမေရိကန်ဒေါ်လာ ဘီလျံချီ ရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် ဒေသတွင်း ပထဝီဝင်ဆိုင်ရာ မတည်ငြိမ်မှုနှင့် ကာလရှည် ပူနွေးလာမှုတို့ ပေါင်းစပ်ပြီး ရေခဲမြစ်များ ကျုံ့လာခြင်းနှင့် အမြဲတမ်းအေးခဲနေသော မြေဆီလွှာများ အရည်ပျော်ခြင်းတို့ကို ဖြစ်စေနိုင်သည့် ဒွန်တွဲဖြစ်ပေါ်လာသော ကပ်ဘေး တစ်ခုဖြစ်သည်ဟု ကမ္ဘာ့ရာသီဥတု လေ့လာတွက်ချက်ရေးအဖွဲ့မှ သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
"နီပေါနိုင်ငံဟာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။ ကျွန်တော်တို့ဟာ ဒီကပ်ဘေးကို ဖန်တီးခဲ့တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ကပဲ ပေးဆပ်နေရပါတယ်" ဟု ရှားက ပြောကြားခဲ့သည်။
"ကမ္ဘာ့ အုပ်ချုပ်ရေးစနစ် ကျရှုံးမှုကြောင့် ပိုမိုဆိုးရွားလာရတဲ့ ကပ်ဘေးတစ်ခုကို နီပေါနိုင်ငံအနေနဲ့ တစ်ဦးတည်း ကြံ့ကြံ့ခံ ရပ်တည်လို့ မရနိုင်တဲ့အတွက် ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေရှိအောင် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှု ကုန်ကျစရိတ်တွေကို ကူညီပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းပါတယ်" ဟု ၄င်းကဆိုသည်။
ဂြိုဟ်တုအချက်အလက်များနှင့် ကျွမ်းကျင်မှုများကို မျှဝေခြင်း၊ ရေခဲမြစ်များကို စောင့်ကြည့်လေ့လာခြင်းနှင့် ပူးတွဲ ကြိုတင်သတိပေးစနစ်များကို မြှင့်တင်ခြင်းတို့ ဆောင်ရွက်နိုင်မည့် ဟိမဝန္တာ ရာသီဥတု ကြံ့ကြံ့ခံနိုင်ရေး ယန္တရား (Himalaya Climate Resilience Mechanism) ဟု အမည်ပေးထားသည့် စနစ်တစ်ခု ထူထောင်ရန် ရှားက အဆိုပြုခဲ့ပြီး ထိုယန္တရားတွင် နီပေါနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ တရုတ်တို့ ပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။
အသက် ၃၆ နှစ်အရွယ် ရက်ပ်ပါဟောင်းတစ်ဦးဖြစ်သူ ရှားသည် ပြုပြင်ပြောင်းလဲရေး မျှော်လင့်ချက်များဖြင့် အမျိုးသားရေး စိတ်ဓာတ်ထက်သန်သည့် လူငယ်များ ဦးဆောင်သော အဂတိလိုက်စားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ၏ အရှိန်အဟုန်ဖြင့် လွန်ခဲ့သည့် ၆ လက အာဏာရရှိလာခဲ့သူဖြစ်သည်။
နီပေါနိုင်ငံသည် ကုလသမဂ္ဂ၏ ပျက်စီးဆုံးရှုံးမှုဆိုင်ရာ ရန်ပုံငွေထံမှ အကူအညီ ခွင့်ပြုချက် အများဆုံးပမာဏ ဖြစ်သည့် အမေရိကန်ဒေါ်လာ သန်း ၂၀ တောင်းခံထားသော်လည်း ယင်းသည် လိုအပ်နေသည့် ငွေကြေးပမာဏနှင့်နှိုင်းယှဉ်ပါက အသေးအဖွဲသာ ဖြစ်သည်။
နီပေါအစိုးရ၏ အကြိုဆန်းစစ်ချက်များအရ အဆိုပါ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှု ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅ ဘီလျံအထိ ရှိကြောင်း ခန့်မှန်းထားသည်။
Ref: AFP