Eleven Media Group

ထရန့်နှင့် ရှီကျင်းပင်တို့ အိမ်ဖြူတော်​ဆွေးနွေးမှုမှ အဓိကမှတ်သားစရာ အချက်ငါးချက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ စက်တင်ဘာ ၂၄ ရက်က အိမ်ဖြူတော် တွေ့ဆုံဆွေးနွေးမှုအတွင်း ကုန်သွယ်ရေး၊ တရုတ်(တိုင်ပေ)အရေး၊ အမေရိကန်နှင့် တရုတ်တို့ကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုနှင့် AI အရေးတို့က အဓိကအကြောင်းအရာများ ဖြစ်ခဲ့သည်။

(၁) ကုန်သွယ်ရေး သဘောတူညီချက်ကို နှစ်လ သက်တမ်းတိုး

အမေရိကန်နှင့် တရုတ်တို့သည် ယခင်ကုန်သွယ်ရေးစစ်ပွဲအပြီး ရရှိထားသည့် ကုန်သွယ်ရေးသဘောတူညီချက်ကို နောက်ထပ်နှစ်လ သက်တမ်းတိုးရန် သဘောတူခဲ့ကြသည်။ သို့သော် အခွန်အကောက်များ၊ တရုတ်၏ အမေရိကန်ကုန်ပစ္စည်း ဝယ်ယူမှုများ၊ ရှားပါးသတ္တုများနှင့် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကဲ့သို့ အဓိကအငြင်းပွားစရာများကို ဆက်လက်ညှိနှိုင်းရဦးမည် ဖြစ်သည်။

(၂) ရှီ၏ အိမ်ဖြူတော်ခရီးစဉ်ကို ခမ်းနားစွာ ကြိုဆို

ရှီကျင်းပင်၏ အိမ်ဖြူတော်ခရီးစဉ်အတွင်း စစ်ရေးအခမ်းအနားများ၊ အထူးအစီအစဉ်များဖြင့် ခမ်းနားစွာကြိုဆိုခဲ့သည်။ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များလည်း အခမ်းအနားပြုလုပ်နေစဉ်အတွင်း ပျံသန်းခဲ့ကြသည်။

(၃) တရုတ်(တိုင်ပေ) အရေး သတိပေး

ရှီကျင်းပင်က တရုတ်(တိုင်ပေ) အရေးကို သတိထားကိုင်တွယ်ရန် ဒေါ်နယ်ထရန့်ကို သတိပေးခဲ့ပြီး အမေရိကန်အနေဖြင့် တရုတ်(တိုင်ပေ) ခွဲထွက်ရေးကို ဆန့်ကျင်ရန် မျှော်လင့်ကြောင်း တရုတ်ဘက်က ပြောကြားခဲ့သည်။ သို့သော် တရုတ်(တိုင်ပေ) မူဝါဒဆိုင်ရာ အသုံးအနှုန်းများကို ထရန့်အစိုးရက ပြောင်းလဲမည့်အရိပ်အယောင် မတွေ့ရသေးပေ။

(၄) နှစ်နိုင်ငံ မဟာဗျူဟာပြိုင်ဆိုင်မှုအပေါ် စိုးရိမ်မှုဆက်ရှိ

ရှီကျင်းပင်က အင်အားကြီးနိုင်ငံတစ်နိုင်ငံ၏နေရာကို အင်အားတိုးလာသည့် နိုင်ငံတစ်နိုင်ငံက စိန်ခေါ်လာသည့်အခါ နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်နိုင်မှု အခြေအနေကို ရည်ညွှန်းသည့် “Thucydides Trap” သီအိုရီကို ထည့်သွင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံကြား စစ်ရေးဆွေးနွေးမှုများကို ပုံမှန်ပြုလုပ်ပြီး ပဋိပက္ခများ ပိုမိုဆိုးရွားမလာစေရန် တားဆီးနိုင်မည့် နည်းလမ်းများကို ခိုင်မာစေရန်လည်း ရှီက တိုက်တွန်းခဲ့သည်။

(၅) AI အပေါ် နှစ်နိုင်ငံအမြင်

AI နည်းပညာအပေါ် အမေရိကန်နှင့် တရုတ်တို့၏ ချဉ်းကပ်ပုံမှာ ကွာခြားနေသည်။ ထရန့်က AI နှင့်ပတ်သက်၍ စည်းမျဉ်းသစ်များ ထပ်မံချမှတ်ခြင်းထက် လက်ရှိနည်းလမ်းများဖြင့် ဆောင်ရွက်လိုကြောင်းပြောကာ ရှီကမူ AI ကို ဘေးကင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန်၊ လူသားတို့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိရန်နှင့် လူသားတို့အတွက် အကျိုးရှိအောင် စီမံခန့်ခွဲရန် ၎င်းတို့နှစ်နိုင်ငံတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

Ref: Reuters

Photo: South China Morning Post

မူရင်းသတင်း — Eleven Media Group