Eleven Media Group

ကုလသမဂ္ဂအထွေထွေညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောကြားစဉ် သံတမန်များ ခန်းမထဲမှထွက်ခွာ

စက်တင်ဘာ ၂၄ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံ၌ အစ္စရေးဝန်ကြီး ချုပ်ဘင်ဂျမင်နေတန်ယာဟု မိန့်ခွန်း ပြောကြားစဉ် အစ္စရေးခေါင်းဆောင်ကို ကန့်ကွက်သည့်အနေဖြင့်ကမ္ဘာတစ်ဝန်းမှသံတမန်များ ခန်းမထဲမှ ထွက်ခွာ ခဲ့ကြသည်။

ကုလသမဂ္ဂအထွေထွေညီလာခံတွင် အစ္စရေးခေါင်းဆောင်၏ မိန့်ခွန်းပြောကြားမှုကို ကန့်ကွက်သည့်အနေဖြင့် အဖွဲ့ဝင်နိုင်ငံအများအပြားမှ ကိုယ်စားလှယ်များ သပိတ်မှောက် ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။

​ညီလာခံ တက်ရောက်လာသူများထံမှလှောင်ပြောင်ကန့်ကွက်သံများ ထွက်ပေါ်ခဲ့သလို အခြားတစ်ဖက်တွင် နေတန်ယာဟု၏အဖွဲ့ဝင်များက မတ်တပ်ရပ်လက်ခုပ်တီး အားပေးခဲ့ကြရာ သဘာပတိဖြစ်သူက ငြိမ်သက်ကြရန် အော်ဟစ်သတိပေးခဲ့ရသည်။

​"ဒီခန်းမထဲကနေ ထွက်မသွားသေးတဲ့ အခြားကျင့်ဝတ်သိက္ခာရှိ သူရဲဘောကြောင်သူတွေရှိသေးရင်လည်း အခုပဲ ထွက်သွားကြပါ" ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

​အစည်းအဝေးမစတင်မီ လူနည်းပါးခဲ့သည့် ခန်းမမှာ နေတန်ယာဟု မိန့်ခွန်းမပြောမီ မိနစ်ပိုင်းအလိုတွင် လူပြည့်လာခဲ့သည်။

​ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့က အခြားသော သံတမန်အဖွဲ့များအနေဖြင့်လည်း ၎င်းတို့နှင့်အတူ ပူးပေါင်း၍ ကန့်ကွက်ဆန္ဒပြကြရန် တိုက်တွန်းထားသည့် စာတစ်စောင် ထုတ်ပြန်ခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြထားသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group