
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် စက်တင်ဘာ ၂၄ ရက်က တရုတ်သမ္မတ ရှီကျင်းပင်နှင့်အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အိမ်ဖြူတော်တွင် နိုင်ငံတော်အဆင့် ညစာစားပွဲဖြင့် ခမ်းနာစွာ ဧည့်ခံခဲ့ပြီး ထိုညစာစားပွဲကို အမေရိကန် နည်းပညာကုမ္ပဏီများ၏ ထိပ်သီးအကြီးအကဲများ တက်ရောက်ခဲ့သည်။
အဆိုပါ ညစာစားပွဲသို့ Tesla စီအီးအို အီလွန် မာ့စ်၊ Apple စီအီးအိုဟောင်း တင်မ် ကွတ်ခ် ၊ Nvidia စီအီးအို ဂျန်ဆန် ဟွမ်၊ Meta စီအီးအို မာ့ခ်ဇူကာဘက် နှင့် OpenAI စီအီးအို ဆမ် အက်မန်းတို့ အပါအဝင် အမေရိကန် နည်းပညာကုမ္ပဏီများမှ ထိပ်သီး အကြီးအကဲ အများအပြား တက်ရောက်ခဲ့ကြပြီး ယင်းက ရှီ၏ ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် AI နည်းပညာတို့သည် အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာများ ဖြစ်ခဲ့ကြောင်း ပေါ်လွင်စေသည်။
ထရန့်နှင့် ဇနီး မယ်လာနီယာ တို့က ရှီနှင့် ဇနီး ပင်းလိယွမ် တို့အား ညစာစားပွဲအတွက် ကြိုဆိုစဉ် အိမ်ဖြူတော် အပြင်၌ ဆန္ဒပြသူများ စုဝေးခဲ့ကြသည်။
ထရန့်က ၎င်းနှင့် ရှီတို့ကြား ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။
"ကျွန်တော်နဲ့ သမ္မတ ရှီတို့နှစ်ယောက်စလုံးဟာ ကျွန်တော်တို့ စနစ်နှစ်ခု မတူညီတာကို နားလည်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေကြားက ဆက်ဆံရေးကတော့ ခိုင်မြဲနေဆဲပါပဲ" ဟု ထရန့်က ညစာစားပွဲတွင် ပြောကြားခဲ့သည်။
သို့သော် ရှီကမူ ပိုမို ထိန်းထိန်းသိမ်းသိမ်းရှိသည့် လေသံဖြင့် AI နည်းပညာ ၊ ထိုင်ဝမ် နှင့် အီရန်စစ်ပွဲတို့အပေါ် တရုတ်၏ လုံးဝလက်မခံနိုင်သည့် စည်းမျဉ်းများကို သတ်မှတ်ပြောဆိုခဲ့သလို တရုတ်နှင့် အမေရိကန်တို့အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန် တိုက်တွန်းခဲ့သည်။
ထို့နောက် ထရန့်က ရှီအား အမေရိကန် ပြည်ထောင်စု၏ နိုင်ငံတော်သင်္ကေတဖြစ်သော ခေါင်းဖြူလင်းယုန် (bald eagle) ရုပ်တုတစ်ခုကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
Ref: AFP