Eleven Media Group

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် မိသားစုထံပေးပို့သည့် လွှဲပြောင်းငွေအများစုကို တရားဝင် လိုင်စင်မရှိသည့် ပွဲစားများမှတစ်ဆင့် ပေးပို့နေကြကြောင်း ISP က ထုတ်ပြန်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် မိသားစုထံပေးပို့သည့် လွှဲပြောင်းငွေအများစုကို တရားဝင် လိုင်စင်မရှိသည့် ပွဲစားများမှတစ်ဆင့် ပေးပို့နေကြကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP) က ထုတ်ပြန်ခဲ့ကြောင်း Thai BPS World သတင်းတွင် ဖော်ပြခဲ့သည်။

ဘန်ကောက်အခြေစိုက် အဖွဲ့အစည်းဖြစ်သည့် ISP ၏ ပြောကြားချက်တွင် ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့ပေးခြင်းထက် တရားဝင် ရွှေ့ပြောင်းသွားလာရေး လုပ်ငန်းစဉ်များကို ပိုမို လွယ်ကူချောမွေ့အောင် ပြုလုပ်ပေးခြင်းသည်သာ အဓိက ဖြေရှင်းနည်း ဖြစ်ကြောင်း ဖော်ပြထားသည်။

Nelson Mandela Center for Conflict Resolution, Atrocity Prevention, and Human Security နှင့် ပူးတွဲရေးသားခဲ့သည့် အဆိုပါ အစီရင်ခံစာတွင် နှစ်နိုင်ငံအစိုးရများအနေဖြင့် ငွေလွှဲပြောင်းမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ရွှေ့ပြောင်းလုပ်သားသွားလာမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတို့ကို ပေါင်းစပ်ကာ လုပ်ငန်းစဉ်တစ်ခုတည်းအဖြစ် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြသည်။

ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းသည် အရှေ့တောင်အာရှတွင် ရွှေ့ပြောင်းလုပ်သားများ သွားလာမှုအများဆုံး လမ်းကြောင်းဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနက် မိသားစုထံ ငွေလွှဲသူ စုစုပေါင်း၏ ၉၃ ရာခိုင်နှုန်းသည် တရားမဝင်လမ်းကြောင်းများကို အသုံးပြုခဲ့ကြကြောင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့အစည်း (IOM) ၏ လေ့လာချက်တွင် ဖော်ပြထားသည်။

ငွေလွှဲသူ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် ဟွန်ဒီစနစ်ဖြင့် ငွေလွှဲခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် တရားမဝင် ငွေလွှဲပြောင်းမှုစုစုပေါင်း၏ ၆၈ ရာခိုင်နှုန်းခန့်မှာ ထိုင်းနိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထိုကြ့သို့ တရားမဝင် ငွေကြေးလွှဲပြောင်းမှုများသည် တရားဝင် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများထက် သုံးဆမှ ငါးဆအထိ ပိုမိုများပြားမည်ဟု ခန့်မှန်းရသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ငွေလွှဲပြောင်းမှု စုစုပေါင်းမှာ ဒေါ်လာ ၈ ဘီလျံခန့် ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့ပြီး ယင်းပမာဏသည် ဂျီဒီပီ၏ ၁၃ ရာခိုင်နှုန်း ဖြစ်သည်။

သို့သော် ၂၀၁၅ ခုနှစ်တွင် တရားဝင်စာရင်းသွင်း မှတ်တမ်းတင်နိုင်ခဲ့သည့် ငွေလွှဲပြောင်းမှု ပမာဏသည် ဒေါ်လာ ၁ ဘီလျံမှ ၂ ဘီလျံခန့်သာ ရှိခဲ့သည်။

Ref: Thai PBS World

မူရင်းသတင်း — Eleven Media Group