Eleven Media Group

ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်ဖွင့်ပေးမည်ဟု အီရန် အဆိုပြု

ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်ဖွင့်ပေးမည်ဟု အီရန်က အမေရိကန်ထံ အဆိုပြုစာတင်သွင်းထားကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီက နယူးယောက်ရှိ သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

"သတ်မှတ်ချက် အချို့နဲ့ ကိုက်ညီမယ်ဆိုရင် ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ပြီး ဆွေးနွေးပွဲတွေကို စတင်သွားမှာဖြစ်ပါတယ်" ဟု ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်သို့ ရောက်ရှိနေသည့် အာရက်ချီက New York Times နှင့် The Guardian အပါအဝင် မီဒီယာများကို ပြောကြားခဲ့သည်။

အီရန်သည် စစ်ပွဲကို အဆုံးသတ်ရန်နှင့် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် အချက် ၇ ချက်ပါ အဆိုပြုချက်များကို ယခင်ကတည်းက သတ်မှတ်ထားခဲ့သည်။

New York Times သတင်းစာ၏ ကိုးကားဖော်ပြချက်အရ ယခု နောက်ဆုံး ထုတ်ပြန်လိုက်သော အစီအစဉ်သည် လက်ဘနွန်နိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများ အားလုံးကို ခုနစ်ရက်ကြာ ရပ်ဆိုင်းရန် တောင်းဆိုထားကြောင်း အာရက်ချီက ပြောကြားခဲ့သည်။

ထို့ပြင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းရသည့် ထိန်းချုပ်ခံထားရသော အီရန်၏ ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရန်၊ အီရန် ရေနံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန်နှင့် အီရန်နိုင်ငံအပေါ် အမေရိကန် ရေတပ်၏ ပိတ်ဆို့မှုများကို အဆုံးသတ်ပေးရန်လည်း တောင်းဆိုထားသည်။

အပြန်အလှန်အားဖြင့် အပစ်အခတ် ရပ်စဲရေး၏ ခုနစ်ရက်မြောက်နေ့တွင် အီရန်နိုင်ငံက ဟောမုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်အပေါ် အမေရိကန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း အာရက်ချီက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့်လည်း ထိုအဆိုပြုချက်ကို ထောက်ခံကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group