
အီရန်သမ္မတ မာဆွတ်ပီဇက်ခီယန်က မိမိ၏နိုင်ငံသည် ဇွန်လတုန်းက အမေရိကန်နှင့် သဘောတူညီမှုရရှိခဲ့သည့် နားလည်မှုစာချွန်လွှာထံ ပြန်သွားချင်သည်ဟု စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
အီရန်က ဝါရှင်တန်ကို အညံ့ခံမည်မဟုတ်ဟု ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း အီရန်သမ္မတက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
တရုတ်က ထိုနားလည်မှုစာချွန်လွှာကို ပြန်လည်အသက်သွင်းစေလိုသည်ဟု ပြောကြားခြင်းကို အီရန်သမ္မတက ကြိုဆိုခဲ့သည်။ ထို့နောက် ပီဇက်ခီယန်က X တွင် ပို့စ်တင်ခဲ့ရာ၌ အီရန်သည် ထိုနည်းလမ်းအတိုင်း သွားလိုသည်ဟု ဖော်ပြခဲ့ပြီး နားလည်မှုစာချွန်လွှာထံ ပြန်သွားရေး၏ အရေးပါပုံကို အလေးပေးဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန် ပူးပေါင်း၍ အီရန်ကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အရှေ့အလယ်ပိုင်းစစ်ပွဲ ပြီးဆုံးရေးအတွက် သံတမန်ရေးကြိုးပမ်းမှုများ တုံ့ဆိုင်းနေသည်မှာ လချီကြာမြင့်နေပြီ ဖြစ်သည်။
ဇွန်သဘောတူညီချက်က ပြည့်ဝသော ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အခြေခံအုတ်မြစ်ဖြစ်လာစေရန် ရည်ရွယ်ခဲ့သည်ဆိုသော်လည်း ယင်းသဘောတူညီချက်သည် လျင်လျင်မြန်မြန် ပျက်သွားခဲ့သည်။
ယခုသီတင်းပတ်ထဲ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်အတွင်း ဆွေးနွေးမှုများ ပြန်လည်အသက်ဝင်လာနိုင်သည်ဆိုသော်လည်း စက်တင်ဘာ ၂၃ ရက်တွင် အီရန်သမ္မတက အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့ရာ၌ အီရန်သည် အမေရိကန်ကို အညံ့ခံလိမ့်မည်မဟုတ်ဟု လေသံမာမာဖြင့် ပြောကြားခဲ့သည်။
တစ်ရက်အကြာ စက်တင်ဘာ ၂၄ ရက်တွင် Fox News သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပီဇက်ခီယန်က အီရန်သည် စစ်ပွဲကို ဆက်လက်တိုက်ခိုက်ရန် ဆန္ဒမရှိဟု ပြောကြားခဲ့ကာ စစ်ပွဲအဆုံးသတ်ရေးသည် ဝါရှင်တန်၏သဘောအတိုင်းဟု ဆိုခဲ့သည်။
Ref: AFP